ရခိုင်မှာ စစ်ဘောင်ကျယ်ပြန့်လာမယ့်အသွင်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
ရခိုင်မှာ စစ်ဘောင်ကျယ်ပြန့်လာမယ့်အသွင်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
ရခိုင်ဒေသရှိ မြို့နယ်တချို့မှာ စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းကနေ အင်အားတွေ နေ့စဉ်ဖြည့်တင်းနေတာကြောင့် ရခိုင်မှာ စစ်ဘောင်ကျယ်ပြန့်လာမယ့်အသွင်ရှိတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။
ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်တို့မှာ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့ကာ စစ်ရေးပြင်ဆင်နေတာ ရှိပြီး ရက္ခိုင့်တပ်တော် AA ဘက်ကတော့ တရုတ်ပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းရှိရာ ကျောက်ဖြူအနီးက မောရဝတီရေတပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာ အပါအဝင် အခုလထဲမှာပင် တိုက်ခိုက်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သတင်းမီဒီယာတွေက ရေးသားထားပါတယ်။
ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတချို့ မနေ့ကဖြစ်ပွားခဲ့ပြီး ရေတပ်ကနေ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးအခြေစိုက် စစ် ကောင်စီတပ် ခမရ(၃၇၇) တပ်ရင်းကနေ မြောက်ဦးမြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ မနေ့ညက ပစ်ခတ်ခဲ့လို့ နေအိမ်ခြောက်လုံး မီးလောင်ပြာကျခဲ့သလို ရမ်းဗြဲနဲ့ အမ်းမြို့နယ်တို့မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ပလက်ဝကနေ အိန္ဒိယနယ်စပ်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ရခိုင်ဒေသ စစ်မျက်နှာပြင်အသီးသီးမှာ နေရာပြန်ချထားပြီး စစ်ရေးပြင်ဆင်နေသလို AA နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီအင်အား ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေမှာ ရှုံးနှိမ့်နေတဲ့ စစ်ကောင်စီကတော့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း အပါအဝင် လူကုန်ကူးမှု၊ နိုင်ငံတကာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုပြီး နိုင်ငံရေးထိုးနှက်မှုတွေနဲ့ စွပ်စွဲကာ လုပ်ကြံပြောဆို၊ ရေးသား ထုတ်လွှင့်နေတဲ့နေတာကိုလည်း AAက ထုတ်ပြန်ချက် မနေ့ကထုတ်ပြီး ငြင်းပယ်ထားပါတယ်။
ခေတ်အဆက်ဆက်မှာ စစ်ကောင်စီ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မူးယစ်ဆေးဝါးနဲ့ တရားမဝင်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းရဲ့ နောက်ကွယ်မှာ အဓိက ပါဝင်နေသူတွေ ဖြစ်ပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းမှာလည်း ကိုယ်တိုင်ပါဝင်ပတ်သက်နေသလို ကျားဖြန့် လုပ်ကိုင်နေသူတွေကို အကာအကွယ်ပေးတာက ကမ္ဘာသိပင် ဖြစ်တယ်လို့ ULA ရဲ့ ထုတ် ပြန်ချက်က ရေးထားပါတယ်။
ULA/AA အနေနဲ့ မိမိတို့ ထိန်းချုပ်နယ်မြေနဲ့ နယ်စပ်တွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အချိန်တစ်ခုမှာ တိုက်ဖျက်သွားဖို့ ရည်ရွယ်ထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိတယ်လို့လည်း ဆိုထားပါတယ်။
ရက္ခိုင့်တပ်တော် AA ဟာ အခုလက်ရှိမှာ ပလက်ဝမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ သတင်းမီဒီယာတချို့ရဲ့ ဖော်ပြချက်အရတော့ ရခိုင်ပြည်နယ်(မြောက်ပိုင်း) က မင်းပြားမြို့နဲ့ ပေါက်တောမြို့ဧရိယာအားလုံးနီးပါးကို AA က ထိန်းချုပ်ထားနိုင်သလို ပေါက်တောနဲ့ မင်းပြားက အခြေစိုက်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
The Tanintharyi Times
