ကံပေါက်ဒေသမှာ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်မဲ့ စီမံကိန်းအသစ်အတွက် မြေဧရိယာနဲ့ပတ်သက်ပြီး ဒေသခံအချို့ လက်မှတ်မထိုးပေးဟုဆို
ကံပေါက်ဒေသမှာ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်မဲ့ စီမံကိန်းအသစ်အတွက် မြေဧရိယာနဲ့ပတ်သက်ပြီး ဒေသခံအချို့ လက်မှတ်မထိုးပေးဟုဆို
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသထဲက ရွာအချို့မှာ PTT ကုမ္ပဏီရဲ့ ဇောတိက စီမံကိန်းအသစ်အတွက် မြေဧရိယာညှိုနှိုင်းမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ခိုင်လုံတိကျမှုမရှိတဲ့ စာချုပ်ပါအချက်အလက်တွေကြောင့် ဒေသခံအချို့ လက်မှတ်မထိုးပေးကြဘူးလို့ သိရပါတယ်။
” ကိုယ့်ခြံထဲက သစ်ပင်ဘယ့်လောက်ပါမယ်မှန်းမသိ၊ မြေဧကဘယ့်လောက်ပါမယ်မှန်းမသိဘဲ လက်မှတ်မထိုးနိုင်ဘူး။ ၁၆ မီတာ ဝင်မဲ့ကိစ္စကို အခုက ၅ မီတာပဲ လာတိုင်းထားသေးတယ်။ မီတာအပြည့်မတိုင်းထားသေးတဲ့အပြင် ဘာမှစနစ်ကျမနေလို့ ပိုလို့ကို လက်မှတ်မထိုးနိုင်ဘူး ” လို့ ပိုက်လိုက်ဖြတ်မဲ့ ဧရိယာမှာပါဝင်နေတဲ့ မြေပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဓာတ်ငွေ့ပို့လွှတ်မဲ့ ပိုက်ဟာ ၂၄ လက်မ ပတ်လည်အရွယ်အစားဖြစ်ပြီး ပိုက်လိုင်းဖြတ်ဖို့အတွက် တကယ်လိုအပ်တဲ့ မြေဧရိယာ အကျယ်ထက် ကုမ္ပဏီဘက်က လာတိုင်းတဲ့ မြေဧရိယာက နည်းနေတာက ဘာကြောင့်ဆိုတာကို ရှင်းပြမှု မရှိဘဲ စာချုပ်မှာ လက်မှတ်ထိုးခိုင်းတဲ့ အချက်ကို ဒေသခံတွေက ထောက်ပြနေကြပါတယ်။
ဒါ့အပြင် မြေတစ်ဧကကို မြန်မာငွေကျပ် သိန်း ၇၀ လျော်ကြေးပေးမယ်ဆိုတဲ့အချက်အပြင် သီးပင်စားပင်တွေအတွက် သုံးနှစ်စာလျော်ကြေးပေးမယ် ဆိုတဲ့အချက်နှစ်ချက်ကလွဲလို့ ပိုက်လိုင်းဖြတ်မဲ့ မြေဧရိယာအတွင်းမှာရှိနေတဲ့ သီးပင်စားပင်အရေအတွက်အတိအကျ၊ မြေဧကအတိအကျ လျော်ကြေးငွေအတိအကျ သတ်မှတ်ပေးထားတာမျိုးလည်း စာချုပ်စာတမ်းထဲ မပါဘူးလို့ ဆိုပါတယ်။
ဒေသခံတွေကို လက်မှတ်ထိုးပေးဖို့ ပြီးခဲ့တဲ့အောက်တိုဘာလလယ်လောက်မှာ ပြောဆိုခဲ့တာဖြစ်ပြီး အထက်ပါစာချုပ်စာတမ်းကိစ္စရပ်အားလုံးကို ရပ်ရွာရှိ လူကြီးတွေက ဦးဆောင်လုပ်နေတာလို့ သိရပါတယ်။ ပိုက်လိုင်းနောက်ကွယ်မှာရှိနေတဲ့ ကုမ္ပဏီနဲ့ အစိုးရကတော့ လုံခြုံရေးအရလို့ဆိုကာ ဒေသခံတွေနဲ့ တိုက်ရိုက်ကွင်းဆင်း တွေ့ဆုံတာတွေ မလုပ်ဆောင်ဘူးလို့ သိရပါတယ်။
အဆိုပါပိုက်လိုင်းဟာဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာရွာမှာရှိတဲ့ M3 စီမံကိန်းကနေတစ်ဆင့် ကံပေါက်ဒေသရှိ ဓမင်းဆိပ်ရွာ၊ ဖောင်းတောရွာ၊ကောင်းမှူရွာ၊ သင်္ကန်းညီနောင်ရွာ၊ အုန်းပင်ကွင်းရွာတွေကိုဖြတ်ကာ ဇောတိက စီမံကိန်းထဲဝင်မဲ့ ပိုက်လိုင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စီမံကိန်းကို ကုမ္ပဏီဘက်က လာမယ့်နှစ်မှာစဖို့ ရည်ရွယ်နေတာဖြစ်တယ်လို့ ကြားသိရပေမဲ့ တနင်္သာရီတိုင်းမ်က စုံစမ်းနေဆဲ ဖြစ်လို့ အတည်မပြုနိုင်သေးပါဘူး။
The Tanintharyi Times
