ဘုရားဒကာအမည်ခံ လူသတ်သမားရဲ့ ထားဝယ်ခရီးစဉ်
ဘုရားဒကာအမည်ခံ လူသတ်သမားရဲ့ ထားဝယ်ခရီးစဉ်
မနက်အစောပိုင်း ကတည်းက ထားဝယ်ဒေသရဲ့ ကောင်းကင်ယံမှာ ဗုံးကြဲလေယာဥ်တွေ ဝဲနေခဲ့ပါတယ်။ တချိန်တည်းမှာပဲ ထားဝယ်မြို့က လမ်းမတွေပေါ်မှာလည်း စစ်သားနဲ့ ရဲတွေက အရင်ကနဲ့မတူဘဲ အင်အားအများအပြား ယူနီဖောင်းအပြည့်အစုံနဲ့ သွားလာလှုပ်ရှားနေပါတယ်။
သိပ်မကြာခင်မှာပဲ ထားဝယ်ဒေသကနေ နေရာအများအပြားဆီကို ဗုံးသီးတွေဝဲပျံကျလာခဲ့ပါပြီ။ အဲဒီလို နေရာအများအပြားကို တချိန်တည်းဗုံးကြဲတာဟာ ထားဝယ်ဒေသမှာ မကြုံစဖူးအခြေအနေဖြစ်တာကြောင့် မြို့ပေါ်နဲ့ ကျေးလက်နေဒေသခံတွေ အားလုံး စိုးရိမ်ထိန့်လန့်ခဲ့ကြပါတယ်။ သပိတ်အဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေကလည်း ပြည်သူတွေလိုက်နာဖို့ အရေးပေါ်ကြေညာချက်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ခဲ့ကြပါတယ်။
ဘာကြောင့် တိုက်ပွဲဖြစ်တာမရှိဘဲ အခုလို ဆိုးဆိုးရွားရွား ဗုံးတွေကြဲနေတာပါလဲ။ နောက်ဆက်တွဲ ထွက်လာတဲ့သတင်းက အဲဒီမေးခွန်းရဲ့အဖြေဖြစ်နေခဲ့ပါတယ်။ ဒါကတော့ နောက်တနေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထားဝယ်ကို လာမယ်ဆိုတဲ့သတင်းပါပဲ။
စက်တင်ဘာလ ၁၇ ရက်နေ့ တစ်မနက်တည်းမှာပဲ စစ်တပ်ရဲ့ Y-12 အမျိုးအစားလေယာဥ်နှစ်စီးဟာ ထားဝယ်ခရိုင်ထဲက ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေက ကျေးရွာ ၁၀ ရွာကို ဗုံးကြဲခဲ့ပါတယ်။
ဗုံးကြဲခံရတဲ့နေရာတွေကတော့ ထားဝယ်မြို့နယ်က ပကာရီ၊ ပခပ်၊ ရေဝိုင်းကျေးရွာတဝိုက် လောင်းလုံးမြို့နယ်က ဝေဒီ၊ ကြက်ယက်တွင်း၊ သပြေရှောင်နဲ့ ကျောက်တွင်းကျေးရွာတဝိုက် သရက်ချောင်းမြို့နယ်က ဥတ္တူ၊ ကင်းရှေ့နဲ့ မိုးရွှေကုန်းရွာတဝိုက်တွေပါ။ အဲဒီရွာတွေထဲက တချို့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်လာဖို့ရှိတဲ့ ထားဝယ်မြို့အနီးအနားဝန်းကျင်ကရွာတွေဖြစ်ပေမဲ့ တချို့ရွာတွေကတော့ ထားဝယ်မြို့နဲ့ လှမ်းတဲ့ရွာတွေဖြစ်ပါတယ်။

သရက်ချောင်းမြို့နယ်မှာ ဗုံးကြဲခံရတဲ့ကျေးရွာတွေဟာ သိပ်မကြာသေးခင်ကမှ စစ်တပ်ကစစ်ကြောင်းထိုးပြီး နေအိမ်ရာနဲ့ချီမီးရှို့ခံထားရတဲ့ ရွာတွေလည်း ဖြစ်ပြန်ပါတယ်။
“လေယာဥ်တွေဝဲနေကတည်းက ကြောက်နေကြတာပဲ။ ကြဲတဲ့အချိန်ကတော့ ဘယ်ပြေးရမှန်းတောင်မသိဘူး။ ကိုယ့်ကံပဲကိုး” လို့ သရက်ချောင်းမြို့နယ်မှာရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ထားဝယ်မြို့နယ်ကိုကြဲခဲ့တဲ့ဗုံးသီးတွေထဲက ဗုံးသီးတစ်လုံးကတော့ ထားဝယ်ဒေသခံတွေကြားမှာ ထင်ရှားတဲ့ ပကာရီရွာအနီးက ကျားခုန်အိုင်ဘုန်းကြီးကျောင်းပေါ်မှာ လေယာဥ်ဗုံးကျရောက်ပေါက်ကွဲခဲ့တာပါ။
ဗုံးကြဲခံရတဲ့ဒဏ်ကို အဆိုးရွားဆုံးကြုံရတာကတော့ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာပါ။ စစ်တပ်ကြဲချခဲ့တဲ့ဗုံးသီးဟာ ဝေဒီရွာက နေအိမ်တစ်ဆောင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်မှာရှိနေတဲ့ အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်တင်ရှိန်နဲ့ အသက် ၃၄ နှစ်အရွယ် သားမက်ဖြစ်သူ ကိုဝေယံဖြိုးတို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အလားတူ နေအိမ်မှာရှိနေတဲ့ ကလေးငယ်အပါအဝင် လေးဦးထက်မနည်းလည်း ဗုံးစထိမှန် ဒဏ်ရာတွေရရှိခဲ့ပါတယ်။
ဒါ့အပြင်လောင်းလုံးမြို့နယ်မှာပဲ မနက်စောစောပိုင်း နယ်မြေရှင်းလင်းရေးလာတဲ့ စစ်တပ်စစ်ကြောင်းရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာဟောင်းဝရွာက အသက် ၈၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင်မရောက်လာခင်ကတည်းက သူ့ရဲ့နောက်လိုက် စစ်တပ်ရဲ့လက်ချက်ကြောင့် ထားဝယ်ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းသေဆုံးခဲ့ပါပြီ။ အဲဒီနေ့က ထားဝယ်ခရိုင်မှာ စစ်တပ်က ၁၂၀ မမ ဗုံးသီး အလုံးရေ ၃၀ လောက်အထိအသုံးပြုကာ ဗုံးကြဲခဲ့တာပါ။
အဲဒီ ဗုံးကြဲလေယာဥ်တွေဟာ စက်တင်ဘာလ ၁၇ ရက်နေ့ ညသန်းခေါင်အချိန်ထိလည်း ကောင်းကင်မှာအဆက်မပြတ်ပျံဝဲပြီး အရပ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ခြိမ်းခြောက်ခဲ့ပါသေးတယ်။
နောက်နေ့မနက် စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ သွေးညှီနံ့မစင်သေးတဲ့ ထားဝယ်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဇနီးဖြစ်သူနဲ့အတူ MAF002 (Myanmar Air Force)လေယာဥ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဒီခရီးစဥ်ဟာ စစ်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့ကို တတိယအကြိမ် လာရောက်တဲ့ခရီးစဥ်ဖြစ်ပါတယ်။
ဒီတစ်ခေါက်ခရီးစဥ်မှာ စစ်ခေါင်းဆောင်နဲ့အတူ စစ်ကော်မရှင်ရဲ့အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဇော်မဲလုံးလို့ လူသိများတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ စိုက်/မွေး/ဆည်ဝန်ကြီး ဦးမင်းနောင်၊ သိပ္ပံနည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်၊ ပို့ဆက်ဝန်ကြီး စတဲ့သူတွေ လိုက်ပါလာခဲ့ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထားဝယ်မြို့ကိုရောက်နေတဲ့အချိန်ဟာ ထားဝယ်ခရိုင်ထဲက ရေဖြူမြို့နယ်၊ ပယရွာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေချိန်ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ မောရဝတီရေတပ်စခန်းဌာနချုပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပယရွာက ဇနီးမောင်နှံ နှစ်ဥ်ီး ကျည်စထိမှန်ဒဏ်ရာရခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရောက်နေတဲ့ ထားဝယ်တစ်မြို့လုံး စစ်သား၊ ရဲ၊ မီးသတ်နဲ့ ပြည်သူ့စစ် အင်အား ထောင်နဲ့ချီက တစ်မြို့လုံးကို လေးဖက်လေးတန်လုံခြုံရေးတင်းကြပ်ခဲ့ပါတယ်။ ဒါ့အပြင် မြို့ပေါ်က လမ်းတချို့ကိုပိတ်ထားပြီး ထားဝယ်မြစ်ကြောင်းထဲမှာလည်း မော်တော်ဘုတ်တွေနဲ့ စစ်တပ်က အဆက်မပြတ်ကင်းလှည့်နေခဲ့တာပါ။
စစ်ခေါင်းဆောင်မြို့တော်ခန်းမဖွင့်ပွဲကို ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ အကြောင်းအရာတွေအပြင် ထားဝယ်ဒေသ စီးပွားဖွံ့ဖြိုးရေး၊ ပညာရေးဖွံ့ဖြိုးရေးစတဲ့ ခေါင်းစဥ်အမျိုးမျိုးကို တွေ့ဆုံပွဲမှာပြောဆိုခဲ့တယ်လို့ စစ်တပ်သြဇာခံ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအတွက်လို့ဆိုကာ လေကြောင်းလိုင်းနဲ့ ရေလမ်းတွေကို အဆင့်မြင့်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။ ထားဝယ်ဒေသက ရေထွက်ကုန်ပစ္စည်းကို ပြည်ပနိုင်ငံတွေဆီ တိုက်ရိုက်ပြေးဆွဲတင်ပို့နိုင်ဖို့ ကုန်တင်လေယာဉ်ကြီးတွေ ဆင်းသက်နိုင်မယ့် လေယာဉ်ကွင်းဖြစ်လာအောင် ထားဝယ်လေဆိပ်ကို အဆင့်မြင့်တင်မယ်လို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။
ထားဝယ်လေဆိပ်ကို တိုးချဲ့အဆင့်မြင့်မယ်ဆိုရင် တိုင်းအားကစားကွင်း(ဘော်လုံးကွင်း) ပါ ပါနိုင်တဲ့အတွက် အစားထိုးအနေနဲ့ ရွှေဝယ်သီရိကစားကွင်းကို အဆင့်မြှင့်တင်ဖို့ ပြောဆိုခဲ့ပြီး အဲဒီကစားကွင်းကိုလည်း သွားရောက်ခဲ့ပါတယ်။
ဒါ့အပြင် သင်္ဘောကြီးတွေဝင်ထွက်သွားလာနိုင်ဖို့ ထားဝယ်မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းတွေလုပ်ဖို့နဲ့ ထားဝယ်မြို့က ဆိပ်ခံဘောတံတားကို အဆင့်မြှင့်တင်ဆောင်ရွက်မယ်လို့လည်း ဆိုခဲ့ပါတယ်။
ထားဝယ်-ရေး ရထားလမ်းဖောက်လုပ်ဖို့နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း မဖြစ်ဖြစ်အောင်လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အရင်က ရုရှားနဲ့ အကောင်အထည်ဖော်မယ်လို့ ပြောဆိုထားတဲ့ ထားဝယ်စီမံကိန်းကို ရုရှား၊ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတစ်ခုခုနဲ့ အကောင်အထည်ဖော်မယ်ဆိုပြီး လေသံပြောင်းပြောဆိုခဲ့ပြန်ပါတယ်။
စစ်ခေါင်းဆောင်ပြောဆိုခဲ့တဲ့ ထားဝယ်မြစ်ကြောင်းတူးဖော်ရေးအစီအစဥ်ဟာ စစ်ရေးအရ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြသူတွေလည်း ရှိပါတယ်။
ထားဝယ်မြစ်ဟာ ပင်လယ်ထွက်ပေါက်တစ်ခုဖြစ်ပြီး စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းတစ်ခုလည်း ဖြစ်နေတာကြောင့် မြစ်ကြောင်းကို စိုးမိုးဖို့ လုပ်ဆောင်လာတာဖြစ်ပြီး အဲဒီလုပ်ဆောင်ချက်ဟာ ဒေသအတွင်းမှာ ကြီးကြီးမားမားသက်ရောက်မှုရှိလာနိုင်တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာ၀န်ခံ ကိုရှဲဒိုးက ပြောပါတယ်။
“ဘာဖြစ်လို့ အခုချိန်မှာ အဲဒီဟာကိုလုပ်ချင်တာလဲလို့ ပြန်တွေးကြည့်ရင် မြစ်ကြောင်းစိုးမိုးရေးက ထား၀ယ်ဒေသတစ်ခုလုံးရဲ့ အပြောင်းလဲလို့ ပြောနိုင်တယ်။ ဒီစီမံကိန်းသာ စလိုက်ပြီဆိုရင် စကမ (စစ်အုပ်စု)အတွက် စစ်ရေးအားသာချက်ပိုရသွားမှာသေချာတယ်။ အခုပြောတဲ့ မအလရဲ့အကြံစည်ဟာ တစ်ချက်တည်းနဲ့ မြို့နယ်အားလုံး ထိခိုက်စေနိုင်တဲ့အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်” လို့ ကိုရှဲဒိုးက ဆိုပါတယ်။
ဒါ့အပြင် ထား၀ယ်မြစ်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေကြသူတွေနဲ့ မြစ်ကမ်းပါးတလျှောက်နေထိုင်ကြတဲ့ဒေသခံတွေဟာ ကမ်းပါးတလျှောက်မြေယာသိမ်းဆည်းခံရတာ၊ အဓမ္မရွှေ့ပြောင်းခံရတာနဲ့ မြစ်ထဲမှာငါးဖမ်းလုပ်ငန်းလုပ်ကိုင်မှုကန့်သတ်ခံရတာတွေ ရှိလာနိုင်တယ်လို့ လည်း သူက သုံးသပ်ပါတယ်။
ထားဝယ်ဒေသဟာ တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးတပ်လက်နက်ကိုင်တပ်တွေအပြင် တခြားတော်လှန်ရေးအင်အားစုတွေအားအကောင်းဆုံး ဒေသတစ်ခုဖြစ်ပါတယ်။
အဲဒီလိုအခြေအနေမှာ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေဟာ တော်လှန်ရေးတပ်တွေကို ခြေမှုန်းပြီး ထားဝယ်ဒေသကို စစ်တပ်က သေချာထိန်းချုပ်ချင်တာကို မြင်ရတယ်လို့ တော်လှန်ရေးမှာပါဝင်နေသူတွေက သုံးသပ်ပါတယ်။
“သေချာတာကတော့ ဘယ်လိုစစ်ကြောင်းထိုးထိုး တိုက်ပွဲတွေပိုဖြစ်လာဖို့ပဲရှိတယ်။ ဘယ်အချိန်မှ ထိန်းချုပ်နိုင်ဖို့မရှိပါဘူး။ ပြည်သူတွေကတော့ ပိုပြိး ဒုက္ခရောက်ကြမှာပေါ့” လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းမှာတော့ စစ်ခေါင်းဆောင်ဟာ ထားဝယ်ကိုရောက်တိုင်း သွားရောက်နေကျဖြစ်တဲ့ ထားဝယ်မြို့ဘုရားကြီးလို့ လူသိများကြတဲ့ လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနဲ့ ရွှေတောင်စားစေတီတော်သွားရောက်ဖူးမျှော်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူခဲ့ပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ ထားဝယ်မြို့ကနေ မြိတ်မြို့ကိုသွားရောက်ခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာလည်း မြိတ်မြို့က အထင်ကရဖြစ်တဲ့ လေးကျွန်းဆီမီးစေတီတော်ကြီးကို ဖူးမျှော်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တခြားမြို့တွေကိုသွားတဲ့ ခရီးစဥ်တော်တော်များများမှာလည်း အဲဒီမြို့ရဲ့ အထင်ကရဖြစ်တဲ့ မြို့ခံတွေ အလေးအမြတ်ထားကြည်ညိုတဲ့ ဘုရား၊ စေတီတွေကို မဖြစ်မနေ သွားရောက်ဖူးမျှော်လေ့ရှိပါတယ်။ ဒါကြောင့် သတိုးမဟာစည်သူ သတိုးသီရိသုဓမ္မဘွဲ့ခံယူထားသူ ဘုရားဒကာလို့ မင်းအောင်လှိုင်ဟာ ထားဝယ်မြို့က ဘုရားကြီးကို လုံခြုံရေးအထပ်ထပ်နဲ့ လမ်းတွေပိတ်ပြီး သွားရောက်ဖူးမျှော်ခဲ့ပုံပါ။
ဒါပေမဲ့ ထားဝယ်ဒေသခံလူငယ်တစ်ဦးကတော့ “ဘယ်လိုပဲလုပ်ပြ လုပ်ပြ သူ့ကိုထားဝယ်သားတွေက လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်ဆိုတာထက် ပိုမမြင်တော့ဘူး” လို့ ပြောပါတယ်။
တီဂို
The Tanintharyi Times
