ပုလောမှာ စစ်ကောင်စီရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲဖြစ်

ပုလောမှာ စစ်ကောင်စီရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲဖြစ်

ပုံစာ - ပုလောမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ။ ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း

ပုလောမြို့နယ်၊ ခမောင်းတောရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အော်သာယာဘုန်းကြီးကျောင်းကနေတဆင့် မိုင်ခရိုဝေ့တောင်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဆီ သွား‌ရောက်ပို့‌ဆောင်မယ့် ရိက္ခာယာဉ်တန်းကို မနေ့ မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြောရေးဆိုခွင့်ရှိသူနဲ့ ရဲဘော်တွေက ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“စစ်ကောင်းစီတပ်သား ငါးဆယ်လောက် လုံခြုံရေးယူပြီးပို့တယ်။ ကျွန်တော်တို့ မဟာမိတ်တပ်တွေဘက်ကမိုင်းဆွဲတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။” လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီးမှာတော့ မိုက်ခရိုဝေ့တောင်အနီးမှာရှိတဲ့ လက္ကူးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျွန်တော်တို့ရွာတွေဘက်ကိုစစ်ကြောင်းတွေရောက်လာမှာကြောက်လို့ ကြိုရှောင်ထားတယ်။” လို့ လက္ကူးရွာခံ တစ်ဦးက ပြောပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လက္ကူးကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၁၂၇၇ စု ရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကလည်း မိုက်ခရိုဝေ့တောင်က စစ်ကောင်စီတပ်သားတွေဆီလာပို့တဲ့ ရိက္ခာတွေကို မြိတ်ခရိုင်တပ်ရင်း(၁)က သိမ်းဆည်းနိုင်ခဲ့တယ်လို့ အဲဒီတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ခမောင်းတောရွာအနီး ပစ်ခတ်မှုတွေရှိခဲ့တဲ့နေ့ ညမှာပဲ စစ်ကောင်စီတပ်ရဲ့ ခလရ(၂၈၅)တပ်ရင်းကနေ တပ်သားအင်အား ၅၀ ခန့် ရှပ်ပုံရွာကို ရောက်လာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ညတွင်းချင်းမှာပဲ ရှပ်ပုံရွာကမ်းနားကနေ လှေနှစ်စီးနဲ့ ပြန်ထွက်သွားပြီး ဒီကနေ့မနက်မှာ လိပ်သောင်ရွာကို ရောက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလအတွင်း လိပ်သောင်၊ ခန္တီ၊ ရှပ်ပုံ၊ တောင်ယာကမ်းကျေးရွာအုပ်စုတွေမှာ တောက်လျှောက်တိုက်ပွဲတွေရှိနေတာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ နေရပ်စွန့်ခွာထားရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

The Tanintharyi Times