ပလမြို့မှာ အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါလို့ဆိုပြီး လမ်းမှာ ငွေတောင်းခံနေရတယ်လို့ ဆို

ပလမြို့မှာ အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါလို့ဆိုပြီး လမ်းမှာ ငွေတောင်းခံနေရတယ်လို့ ဆို

ဓာတ်ပုံ - ပုလောမြို့နယ်ထဲက ကားလမ်းမ တစ်နေရာ။

ပုလောမြို့နယ်၊ ပလမြို့မှာ နှစ်ဖက်ပစ်ခတ်မှုရက်ရှည်ဖြစ်ပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာမပါရင် စစ်ဆေးရေးဂိတ်တွေက ငွေတောင်းနေတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အခုလ ၂၀ ရက်နေ့ကတည်းကနေ ပလမြို့ကနေ နယ်ကျော်သွားလာတဲ့‌ ဒေသခံတွေမှာ ထောက်ခံစာမပါလို့ဆိုပြီး ၁၅၀၀၀ကျပ်၊ ၂၀၀၀၀ကျပ် စသဖြင့် တောင်းခံနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထောက်ခံစာမဖြစ်မနေယူရမယ်လို့ လိုက်လံကြေညာတာ ကြိုတင်သတိပေးတာမျိုးတွေလည်းမရှိဘူးလို့ဒေသခံတွေက ပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ ထောက်ခံစာမပါလို့ငွေပေးခဲ့ရတဲ့သူတွေဆီက သတင်းကြားရလို့ ထောက်ခံစာတစ်ရွက်ကို ကျပ် ၅၀၀၀ ပေးပြီး ပလမြို့အမှတ်(၃)ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးကြင်ရှိန်ဆီမှာလုပ်နေကြရတယ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကတန်းကမန်းထလုပ်နေတာ။ ထောက်ခံစာကိုတမင်တောင်းပြီး မပါရင် ငွေညှစ်တာ။ တကယ်က လုပ်ချင်တာမဟုတ်ဘူး ဘယ်သူမှမလုပ်ချင်ဘူး လမ်းတလျှောက်စိတ်ညစ်မခံနိုင်လို့သာ လုပ်နေရတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း ထောက်ခံစာပါပေမဲ့ မှတ်ပုံတင်မပါလို့ဆိုပြီး ကျပ်နှစ်သောင်းတောင်းခံရလို့ မိသားစုဝင်တွေက ဂိတ်မှာ သွားထုတ်လာရတဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့တယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။

ပလမြို့၊ လက္ကူးကျေးရွာအုပ်စုမှာ အခုလ ၁၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုရှိခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုတွေပြီးတာနဲ့ စစ်ကောင်စီတပ်တွေဟာ ပလမြို့ပေါ်ရပ်ကွက်တွေမှာ ကင်းပုန်းဝပ်တာ၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုထဲမှာလည်း အင်အား ၉၀ ဝန်းကျင်တပ်ဖြန့်လှုပ်ရှားနေပြီး အခုလို ငွေတောင်းတာတွေလုပ်ဆောင်လာနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ပလမြို့အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြင်ရှိန်အိမ်မီးရှို့ခံရပြီးနောက် ပလမှာ နယ်ကျော်သွားလာလိုသူတွေ ထောက်ခံစာစတင်လုပ်ခဲ့ရတာဖြစ်ပါတယ်။

ပလမြို့မှာ ရပ်ကွက်လေးခုရှိပြီး ရပ်ကွက်သုံးခုက အုပ်ချုပ်ရေးမှူးတွေက ဒေသမှာမနေတော့တာကြာပြီဖြစ်တဲ့အတွက် ရပ်ကွက်လေးခုစလုံးကို ဦးကြင်ရှိန်ကအုပ်ချုပ်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို နယ်ကျော်သွားလာဖို့အတွက် ‌ထောက်ခံစာလုပ်ရတာအပြင် အခုနှစ် ဧပြီလက ဆန်ဝယ်ဖို့အတွက်ကိုလည်း ထောက်ခံစာလုပ်ခဲ့ရပါတယ်။ ဆန်ဝယ်ရင် အဲဒီထောက်ခံစာအပါအဝင် အိမ်ထောင်စုမူရင်း မှတ်ပုံတင်မူရင်းတွေပါ ပြပြီး ဝယ်ရတဲ့အခြေအနေတွေရှိခဲ့ပါတယ်။

ပုလောမြို့နယ်ထဲမှာ ပလောက်မြို့၊ ပုလောမြို့၊ ပလမြို့ မြို့သုံးမြို့ရှိပြီး ပလမြို့ကတော့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ မကြာခဏ စည်းမျဥ်းစည်းကမ်းပြောင်းလဲသတ်မှတ်တာ၊ ချမှတ်တာတွေလုပ်ဆောင်လေ့ရှိပါတယ်။

ပလောက်မြို့နဲ့ ပုလောမြို့မှာလည်း နယ်ကျော်သွားလာချင်ရင်ထောက်ခံစာလုပ်ရတာမျိုးတွေရှိပေမဲ့ အမိန့်ထွက်ပြီး အလွန်ဆုံး တစ်လလောက်အထိပဲ လူတိုင်းနီးပါးလုပ်ဆောင်လေ့ရှိပါတယ်။

The Tanintharyi Times