စစ်အာဏာသိမ်းမှုကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃၅၀နီးပါး သေဆုံးခဲ့
စစ်အာဏာသိမ်းမှုကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃၅၀နီးပါး သေဆုံးခဲ့
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ ကစလို့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကာလအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူနေအိမ်တွေ၊ စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ သေနတ်နဲ့ ပစ်သတ်းတာ စတဲ့အကြမ်းဖက်မှုတွေကြောင့် ကလေးသူငယ် ၃၅၀ဦးခန့် သေဆုံးခဲ့ရပြီး ၁၅၀၀ဦးခန့်မှာ မတရားဖမ်းဆီးခံထားရလျက်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHက ထုတ်ပြန်ထားပါတယ်။
လတ်တလောဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က စစ်ရဟတ်ယာဉ်အသုံးပြုပြီး လူမဆန်စွာ တိုက်ခိုက်ခဲ့မှုနဲ့ပက်သက်လို့ ထုတ်ပြန်တဲ့ CRPHရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ စာသင်ကြားနေတဲ့ ကလေးငယ်တွေကို အာဏသိမ်းစစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၂စင်းအသုံးပြု့ပြီး ၁နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးသွားတဲ့ ကလေးငယ်၄ဦးအပါအဝင် ၁၁ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် CRPHက လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ယခုသတင်းပတ်အတွင်း နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ထဲက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေမှာ လူမဆန် စစ်ရာဇဝတ်မှုတွေနဲ့ပက်သက်ပြီး ဦးစားပေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။
မနေ့ကလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာနှင့်ရေလဲကျေးရွာကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ၂ တန်းကျောင်းသား မောင်ဇွဲနိုင်မိုး ကျည်ထိမှန် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ မိဘတွေကို ဖိအားပေးဖို့အတွက် ကလေးသူငယ်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၆၅ဦးခန့်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူကလေးသူငယ် အရေအတွက်မှာ ၁၄၀၀၀ကျော်ရှိနေပြီလို့ CRPHက ဆိုပါတယ်။
ဒါ့အပြင် ကလေးသူငယ် ထက်ဝက်ကျော်လည်း ကျောင်းတက်ခွင့်နဲ့ ပညာသင်ကြားခွင့်တွေဆုံးရှုံးနေတယ်လို့ CRPHက ထောက်ပြထားပါတယ်။
စစ်အာဏသိမ်းမှုကာလအတွင်း ကလေးသူငယ်တွေအပါအဝင် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရသူ ၂၃၁၁ဦးအထိရှိလာနေပြီလို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေအပေါ် လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် မြန်မာနိုင်ငံက ကလေးသူငယ်တွေကိုသတ်ဖြတ်နေမှုတွေနဲ့ အကြမ်းဖက်နေမှုတွေကို အချိန်မီ ကာကွယ်ပေးဖို့နဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာဥပဒေတွေနဲ့အညီ အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
The Tanintharyi Times
