ထားဝယ်မြို့ပေါ် တိုက်ပွဲတွေမှာ စစ်ကောင်စီက ဒရုန်းအများအပြားအသုံးပြုလာ
ထားဝယ်မြို့ပေါ် တိုက်ပွဲတွေမှာ စစ်ကောင်စီက ဒရုန်းအများအပြားအသုံးပြုလာ
ထားဝယ်မြို့ပါ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေက တိုက်ခိုက်ရေးဒရုန်းနဲ့ ကင်းထောက်ဒရုန်းတွေကို အများအပြားအသုံးပြုလာတယ်လို့ မြို့ခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
ထားဝယ်မြို့ပေါ်က ဆင်ဆိပ်ရပ်ကွက်လမ်းဆုံတစ်ဝိုက်မှာ အခုလ ၁၅ ရက်နေ့၊ ၁၇ ရက်နေ့နဲ့ မနေ့က ၂၂ ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း နယ်လုံဝန်ကြီးကားနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဆက်တိုက်တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သားတွေပြန်လည်ခုခံတိုက်ခိုက်ချိန် လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်းတွေလည်း အများအပြားအသုံးပြုလာတယ်လို့ဆိုပါတယ်။
“ဆင်ဆိပ်မှာဖြစ်နေတဲ့အချိန် မြို့သစ် ၇ လမ်းမှာကားရပ်ပြီး ဒရုန်းတွေလွှတ်တင်တာ။ ဒရုန်းတစ်စီးကို နှစ်ပေပတ်လည်လောက်ရှိမယ်။ လေးငါးစီးကတော့ အနည်းဆုံးပဲ” လို့ ထားဝယ်မြို့ခံ တစ်ဦးကပြောပါတယ်။
မနေ့ကညနေပိုင်း ဆင်ဆိပ်ရပ်ကွက်မှာ တိုက်ပွဲဖြစ်ပွားနေချိန်ကလည်း ဗီဂိုးကားတစ်စီးမှာ ဒရုန်းသုံးစီးစီတင်ပြီး တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ထွက်ခွာသွားနေတယ်လို့ မျက်မြင်တွေ့ရတဲ့ မြို့ခံကဆိုပါတယ်။
စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ DNLA ရဲဘော်တစ်ဦးကလည်း အခုရက်ပိုင်းဖြစ်ပွားခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေမှာ နှစ်ကြိမ်မှာ ဒရုန်းနဲ့ဗုံးသီးကြဲချတာတွေလုပ်ဆောင်လာတာလို့ ဆိုပါတယ်။
“ထားဝယ်ခရိုင်မှာဆိုရင် လွန်ခဲ့တဲ့နှစ်လလောက်ကစသုံးလာတာတွေ့ရတယ်။ အခုမြို့ပေါ်တိုက်ပွဲတွေမှာလည်း သေချာသုံးလာတယ်။ ဒရုန်းကြောင့် ကျနော်တို့မှာ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ပိုသတိထားနေရတာပေါ့” လို့ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ DNLA ရဲဘော်တစ်ဦးက ပြောပါတယ်။
မနေ့က တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်သားတွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ထိန်တွင်းရွာထဲကိုကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၈၀ ကျော်အရွယ် အဖွားအိုတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့မြို့ပေါ်တိုက်ပွဲနှစ်ကြိမ်မှာတော့ စစ်ကောင်စီတပ်သား ၈ ဦးအထိသေဆုံးခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့ YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့ကထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
