မြန်မာစစ်တပ်ဆီ စစ်လက်နက်ရောင်းချနေတာတွေ ရပ်တန့်ဖို့ အဖွဲ့ အစည်းပေါင်း ၂၀၀ က စင်ကာပူအစိုးရထံ တောင်းဆို

မြန်မာစစ်တပ်ဆီ စစ်လက်နက်ရောင်းချနေတာတွေ ရပ်တန့်ဖို့ အဖွဲ့ အစည်းပေါင်း ၂၀၀ က စင်ကာပူအစိုးရထံ တောင်းဆို

ဓာတ်ပုံ - Justice For Myanmar

စင်ကာပူနိုင်ငံကနေ မြန်မာစစ်တပ်ဆီကို စစ်လက်နက်နဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချနေတာတွေကို စုံစမ်းစစ်ဆေး၊ တားဆီးဖို့ စင်ကာပူဘဏ္ဍာရေးစနစ်ထဲ စစ်အုပ်စုကဝင်ရောက်အသုံးပြုနေတာကို စီးပွားရေးအရ ပိတ်ဆို့ဖို့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၀ က စင်ကာပူအစိုးရထံ တောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက်ပါတဲ့ အိတ်ဖွင့်ပေးစာကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်ဆီကို မနေ့က ပေးပို့လိုက်တာပါ။

“ စင်ကာပူနိုင်ငံအနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေ၊ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်နေတာတွေနဲ့ ဗုံးကြဲနေတာတွေကို ဆက်တိုက်ပြုလုပ်နိုင်အောင် အကြမ်းဖက်စစ်တပ်ကို လက်နက်ရောင်းချပေးနေသလို ခရိုနီတွေကိုလည်း စင်ကာပူရဲ့ ဘဏ်အကောင့်တွေမှာ လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားတာကြောင့် ဖြစ်တယ် “ လို့ Blood Money Campaign အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စင်ကာပူနိုင်ငံဟာ တရုတ်နဲ့ ရုရှားနိုင်ငံပြီးရင် စစ်ကောင်စီကို တတိယမြောက် လက်နက်အများဆုံးရောင်းချနေတဲ့ နိုင်ငံဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက အစီရင်ခံစာထုတ်ပြီး ပြောပါတယ်။

စင်ကာပူနိုင်ငံက မြန်မာစစ်အုပ်စုဆီကို အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ စစ်လက်နက်နဲ့ စစ်ဘက်- အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေ ပေးပို့ရောင်းချခဲ့တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တွမ်အန်ဒရူးရဲ့ အစီရင်ခံစာ ထွက်လာအပြီးမှာတော့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီ‌ဗီရန်က သူတို့အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို ပြီးခဲ့တဲ့ နှစ်ပိုင်းကတည်းက ဘယ်လိုစစ်လက်နက်ပစ္စည်းကိုမှ ရောင်းချခဲ့တာ မရှိဘူးလို့ ငြင်းချက်ထုတ်ခဲ့ဖူးပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ မြန်မာ့နိုင်ငံခြားအရန်ငွေဟာ စင်ကာပူနိုင်ငံရှိ ဘဏ် ၉ ခုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံအထိ အပ်နှံထားတာ ဖြစ်ပြီး ဒါဟာ ၆၇ ရာခိုင်နှုန်း ပမာဏနဲ့ စင်ကာပူမှာ အများဆုံးအပ်နှံထားတာ ဖြစ်တယ်လို့ The Irrawaddy သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်တာအတွင်းမှာလည်း သွေးစွန်းငွေအဖွဲ့ (Blood Money Campaign)က ဦးဆောင်ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်နဲ့ စင်ကာပူ ဒုဝန်ကြီးချုပ် လေရန့်ဝေါင် တို့ရဲ့ Facebook post တွေအောက်မှာ စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်တပ်ဆီ လက်နက်တွေ ရောင်းချနေတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့၊ စင်ကာပူနိုင်ငံရဲ့ ငွေကြေးစနစ်ထဲကို စစ်အုပ်စုကို ပေးမသုံးတော့ဖို့ Comment ပေး တောင်းဆိုကြတဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

“ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ အသံတွေကို စင်ကာပူအစိုးရအဖွဲ့ထဲက အရေးကြီးတဲ့ ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ် သိမြင်နားလည်အောင်၊ စင်ကာပူနိုင်ငံသားတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြင်တွေ့နိုင်အောင် Comment ပေးတဲ့ ကမ်ပိန်းလုပ်ရတာ ဖြစ်တယ် “လို့ သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Comment Campaign ပြုလုပ်ခဲ့တဲ့ ၃ ရက်တာ အတွင်းမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပေမယ့် အရင်ကမ်ပိန်းတွေလောက် အင်အားမများတော့ဘူးလို့ ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီ ဝင်ငွေရရှိနေတဲ့ လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုနေတဲ့ အဖွဲ့တွေထဲက Blood Money Campaign သွေးစွန်းငွေအဖွဲ့နဲ့ Justice for Myanmar အဖွဲ့တို့ဟာ စင်ကာပူနိုင်ငံအနေနဲ့ အကြမ်းဖက်စစ်တပ်ဆီ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ပေးပို့ရောင်းချနေတာတွေ ရပ်တန့်ဖို့၊ စစ်အုပ်စုကို ငွေကြေးအထောက်အပံ့တွေဖြစ်စေတဲ့ ဘဏ်တွေကို ပိတ်ဆို့ဖို့၊ မသမာသော စီးပွားရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ စတဲ့ စင်ကာပူအစိုးရကို ဖိအားပေးနိုင်ရေး Do More Singapore လှုပ်ရှားမှုတွေကို အခုလအစပိုင်းကတည်းက ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီကိစ္စတွေကို စင်ကာပူအစိုးရအနေနဲ့ ထိထိရောက်ရောက် မလုပ်သေးသ၍ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အင်တိုက်အားတိုက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး စဉ်ဆက်မပြတ် လုပ်ဆောင်သွားမယ့် လှုပ်ရှားမှုတွေမှာ ပြည်သူတွေ ပါဝင်ပေးကြဖို့ သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူက တောင်းဆိုထားပါတယ်။

The Tanintharyi Times