ထားဝယ်မှာ သုံးရက်အတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံး

ထားဝယ်မှာ သုံးရက်အတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံး

ပုံစာ - ထားဝယ်မြို့နယ်မှာ လက်နက်ကြီးထိတဲ့ဒေသခံတွေ။

ထားဝယ်ခရိုင်အတွင်းက ထားဝယ်နဲ့ လောင်းလုံးမြို့နယ်တွေမှာ သုံးရက်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးခဲ့တယ်လို့ ‌ဒေသခံတွေနဲ့ KNU ဆီကသိရပါတယ်။

ဒါ့အပြင်အရပ်သား ဆယ်ဦးနီးပါးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီ‌နေ့မနက်ပိုင်းမှာ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်‌မြေရဲစခန်းကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်မောင်းမကန်ကျေးရွာ၊ အမှတ် ၆ ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးကြောင့် အသက် ၅၀ ခန့်အရွယ် ဦးနွန်ပုနဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“လူကြီးကပွဲချင်းပြီးကိုဆုံးသွားတာ၊ ကလေးကတော့ရွာမှာတုန်းက ဒဏ်ရာနဲ့ နောက်မှဆုံးတယ်ကြားတယ်။ နောက်ထပ်လည်း ထိကြသေးတယ်” လို့ မောင်းမကန်ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီလက်နက်ကြီးကြောင့် အနီးအနားက ကလေးငယ်တွေ အပါအဝင်နောက်ထပ် သုံဦးထက်မနည်းလည်း အစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက် စစ်ကောင်စီက လက်နက်ကြီးမပစ်ခတ်ခင်မှာ မောင်းမကန်နယ်‌မြေရဲစခန်းကို တော်လှန်ရေးတပ်တွေဘက်က လာရောက်ပစ်ခတ်ကြောင်းကြားရတယ်လို့ ‌‌ဒေသခံတွေကဆိုပေမဲ့ အတိအကျကိုတော့ မသိရသေးပါဘူး။

လွန်ခဲ့တဲ့နှစ်ရက် အခုလ ၂၁ ရက်နေ့ကလည်း မေတ္တာမြို့မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး့ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၉ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားတစ်ဦးနဲ့ ခရီးသည်အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဥ်မှာလည်း အရပ်သားငါးဦး ဒဏ်ရာရခဲ့ တယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။

အလားတူ မနေ့ကနေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ထားဝယ်မြို့ပေါ်က နတလရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်၊ ပန်းတောပြင်ရွာက အသက် ၆၀ ကျော်အရွယ် ဦးညဏ်စောဆိုသူသေဆုံးပြီး သူ့ရဲ့သမီးဖြစ်သူ ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးတွေကိုပစ်ခတ်ရာမှာ မြေပုံအညွန်းနဲ့ ကျရောက်ပေါက်ကွဲမယ့်တည်နေရာကို တွက်ချက်ပြီးမှသာပစ်ခတ်ရတာဖြစ်လို့ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာမဟုတ်ဘဲ အရပ်သားတွေဘက်ကို ရည်ရွှယ်ချက်ရှိရှိပစ်ခတ်နေတာလို့ တော်လှန်ရေးတပ်တွေဘက်က ဆိုထားပါတယ်။

ထားဝယ်ခရိုင်အတွင်းမှာ လက်နက်ကြီးတွေကို တပ်စခန်း၊ ရှေ့တန်းစခန်း၊ စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်း‌တွေအပြင် မြို့ပေါ်က ရုံးတချို့မှာပါတပ်ဆင်ထားပြီး လူနေကျေးရွာတွေဘက်ကို ပစ်ခတ်နေတာဖြစ်ပါတယ်။

The Tanintharyi Times