ကော်သူးလေတပ်မတော်က ဖမ်းဆီးထားတဲ့ KNLA တပ်ဖွဲ့ဝင်နှစ်ဦးပြန်လွတ်လာ
ကော်သူးလေတပ်မတော်က ဖမ်းဆီးထားတဲ့ KNLA တပ်ဖွဲ့ဝင်နှစ်ဦးပြန်လွတ်လာ

ကော်သူးလေတပ်မတော်က ဖမ်းဆီးထားတဲ့ KNLA တပ်ဖွဲ့ဝင်နှစ်ဦး နှစ်ရက်အကြာမှာ ပြန်လွတ်လာတယ်လို့ KNLA တပ်ရင်း ၁၂ (တပ်မဟာ ၄) နဲ့ တပ်ရင်း ၂၇ (တပ်မဟာ ၆) တို့ရဲ့ပူးတွဲတပ်ရင်းမှူး စောမှူးဂေကပြောပါတယ်။
အခုလ ၁၉ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ ကရဲဘော်တစ်ဦးနဲ့ တပ်ရင်း ၂၇ ကရဲဘော်တစ်ဦးတို့ကို ထားဝယ်မြို့နယ်က ဝကုန်းကျေးရွာလမ်းပိုင်းမှာ ကော်သူးလေတပ်မတော် ရဲဘော်တွေက တားဆီးပြီး ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် နှစ်ရက်အကြာ ၂၁ ရက်နေ့မနက်ပိုင်းမှာတော့ နှစ်ဖက်တာဝန်ရှိသူတွေညှိနှိုင်းပြီး ရဲဘော်နှစ်ဦး ပြန်လွတ်လာခဲ့တယ်လို့ KNLA ပူးတွဲတပ်ရင်းမှူး စောမှူးဂေကဆိုပါတယ်။
“သူတို့ကလိုအပ်ချက်တစ်ခုခုနဲ့ ဖမ်းထားတဲ့ပုံစံမျိုးပေါ့။ အောက်ခြေမှာ ပုဂ္ဂိုလ်ရေးအရ မပြေလည်တာတွေရှိတယ်။ ဖမ်းထားပြီးတော့ ကိုယ်ထိလက်ရောက်မဟုတ်ပေမဲ့ စစ်ဆေးမေးမြန်းတာမျိုးတော့ရှိတယ်။ အခုတော့စခန်းကိုပြန်ရောက်နေကြပါပြီ” လို့ စောမှူးဂေက ပြောပါတယ်။
ထားဝယ်ခရိုင်က အရှေ့တောဒေသမှာ KNU တပ်မဟာ ၄ နဲ့တပ်မဟာ ၆ က KNLAတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကော်သူးလေတပ်မတော်ကတပ်ဖွဲ့တွေ အားလုံးစစ်ရေးလှုပ်ရှားကြပြီး တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက နှစ်ဖက်ပွတ်တိုက်မှုတွေရှိနေတာပါ။
KNLA တပ်ရင်း ၁၂ (တပ်မဟာ ၄) နဲ့ တပ်ရင်း ၂၇ (တပ်မဟာ ၆) တို့ရဲ့ပူးတွဲတပ်ရင်းမှူး စောမှူးဂေကတော့ အခုလိုဖြစ်နေတာတွေဟာ KNU တစ်ခုလုံးနဲ့ ကော်သူးလေတပ်မတော်တစ်ခုလုံး ဖြစ်နေတာမျိုးမဟုတ်ဘဲ ဒေသအတွင်းက ပုဂ္ဂိုလ်ရေးအရမကျေနပ်တောတွေကြောင့် အဓိကဖြစ်နေတာလို့သူကဆိုပါတယ်။
“အရင်ခေတ်အဆက်ဆက်ကဟာတွေ အခုထိဆွဲဆန့်နေကြတာက မကောင်းဘူး။ ညှိညှိနှိုင်းနှိုင်းနဲ့ တသွေးတသားတည်းသွားမှပဲ အဆင်ပြေမယ်လေ။ အချင်းချင်း ပွတ်တိုက်မှုတွေမဖြစ်စေချင်ဘူး။ အခုအချိန်မှာ စကစ ပြုတ်ကျရေးကိုပဲခေါင်းထဲရှိစေချင်တယ်။ နောက်နောင်မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်” လို့ KNLA ပူးတွဲတပ်ရင်းမှူး စောမှူးဂေက ဆက်ပြောပါတယ်။
အခုလ ၁၃ ရက်နေ့ကတော့ အရှေ့တောဒေသက ရင်ကွဲတောင်လမ်းပိုင်းမှာ KNU တပ်မဟာ ၄ နဲ့ KNLAက အရာရှိတွေလိုက်ပါလာတဲ့ ကားတန်းကို ကော်သူးလေတပ်မတော်ဘက်က စောင့်ကြိုပစ်ခတ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် KNLA ရဲဘော် ခြောက်ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပြောဆိုထားပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်ပွားပြီး ငါးရက်အကြာ အခုလ ၁၈ ရက်နေ့ကလည်း ရင်ကွဲတောင်အနီးမှာပဲ နှစ်ဖက်ပစ်ခတ်မှုအနည်းငယ် ထပ်မံဖြစ်ပွားခဲ့သေးတယ်လို့ ပူးတွဲတပ်ရင်းမှူး စောမှူးဂေက ပြောပြပါတယ်။
အခုဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် ကော်သူးလေတပ်မတော် ဆာကဆောတပ်မဘက်ကို ဆက်သွယ်နေပေမဲ့ လက်ရှိအချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။
အခုနှစ်အတွင်း KNLA ပူးတွဲတပ်ရင်းမှူး စောမှူးဂေဦးဆောင်ပြီး စစ်ဆင်ရေးတွေလုပ်ဆောင်နေတဲ့ ပူးပေါင်းစစ်ကြောင်းမှာ KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအပြင် ကော်သူးလေတပ်မတော် KTLA က တပ်ဖွဲ့ဝင်တွေလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စောမှူးဂေကတော့ အဲဒီ KTLA တပ်ဖွဲ့ဝင်တွေနဲ့လည်း လက်ရှိမြေပြင်မှာအတူတကွ ရှိနေဆဲဖြစ်ပြီး ပြဿနာမဖြစ်အောင် ညှိညှိနှိုင်းနှိုင်းပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ကြားမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းနဲ့ နှစ်လယ်ပိုင်းတွေကလည်းနှစ်ဖက်တိုက်ပွဲနဲ့ စောင့်ကြိုပစ်ခတ်တာတွေရှိခဲ့တာကြောင့် အရာရှိတွေအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
The Tanintharyi Times