ဂိမှာန်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ- တနင်္သာရီက တာဝန်ခံနဲ့ အင်တာဗျူး
ဂိမှာန်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ- တနင်္သာရီက တာဝန်ခံနဲ့ အင်တာဗျူး

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပေါ်ပေါက်လာသလို စစ်ဖြစ်နေတဲ့ ကျေးလက်ဒေသတွေမှာ မြေပြင်အထိသွားရောက်ကူညီတဲ့ အဖွဲ့တွေလည်း ရှိလာပါတယ်။ အဲဒီထဲမှာ ဂိမှာန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ – တနင်္သာရီကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ထားဝယ်ခရိုင်အတွင်းက စစ်ဘေးရှောင်တွေကို ကူညီတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်တာနဲ့ ဆေးဝါးနဲ့ ရိက္ခာထောက်ပံ့တာတွေ လုပ်ဆောင်နေပါတယ်။
ဂိမှာန်အဖွဲ့အနေနဲ့ မြေပြင်မှာ ကူညီဆောင်ရွက်နိုင်ဖို့ ဘာတွေကြုံနေရလဲ။ ထားဝယ်ဒေသမှာ ဘယ်လို ကျန်းမာရေးပြဿနာတွေ ရှိနေလဲ။ အဲဒီအခြေအနေကို သိရဖို့ အဖွဲ့တာဝန်ခံကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းပြီး ဒီတစ်ပတ်ရဲ့ “တောင်ပိုင်းသားတို့အသံ”ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မေး – ဂိမှာန်အဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်ကဏ္ဍတွေကို အဓိကလုပ်ဆောင်နေလဲ။
ဖြေ – ကျနော်တို့က တော်လှန်ရေးနဲ့အတူပေါ်လာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာနဲ့အညီ ပြည်သူလူထုရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ ကြိုးစားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ အဓိကလုပ်ဆောင်နေတာတော့ နံပါတ်တစ်အနေနဲ့ စစ်ဘေးရှောင်ကူညီရေးပါ။ အဲဒီလိုကူညီတဲ့နေရာမှာ အားလုံးကိုမလွှမ်းခြုံနိုင်ပေမယ့် နိုင်တဲ့အင်အားနဲ့တက်စွမ်းတာထက်ပိုလုပ်ဆောင်နေတာရှိပါတယ်။ နောက်တစ်ခုကတော့ လူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာပါ။ အဲဒီနေရာမှာလည်းအကန့်အသတ်ကတော့ ရှိတယ်။ ဘာတွေလဲဆိုတော့ လူအရင်းအမြစ်ရော၊ ဆေးဝါးအရင်းအမြစ်ရောပါပဲ။ နောက်ထပ်အခန်းကဏ္ဍကတော့ အသိပညာပေးတာပါ။ အဓိကအားဖြင့် လုံခြုံရေးနဲ့ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက်ပေါ့။ ဥပမာအနေနဲ့ လေကြာင်းရန်ကာကွယ်ရေးလိုပေါ့။ အဲဒါတွေကိုတော့ နောက်ပိုင်းမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ပြီးတော့ စားနပ်ရိက္ခာနဲ့ ပတ်သက်တဲ့ အသိပညာပေးရေးလုပ်ငန်းတွေ၊ စိတ်ပိုင်းဆိုင်ရာ အကူညီပေးတာတွေ လုပ်ဖို့ရှိတယ်။ ကျန်းမာရေး အသိပညာပေးမှုမှာတော့ လတ်တလောဖြစ်ပွားနေတဲ့ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေပါတယ်။
မေး – ဒီလုပ်ဆောင်ချက်တွေထဲက ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီးမေးချင်ပါတယ်။ ဂိမှာန်က သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်ပေးနေတာ တွေ့ရတယ်။
ဒီနှစ်က သွေးလွန်တပ်ကွေးအဖြစ်များတဲ့နှစ်ဆိုတော့ ထားဝယ်ခရိုင်၊ ကျေးလက်ဒေသတွေမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေ ဘယ်လိုရှိနေပါလဲ။
ဖြေ – ဒီနှစ်ကသွေးလွန်တုပ်ကွေးဖြစ်ပွားတာ အရမ်းများလာပါတယ်။ ထားဝယ်မြို့နယ်မှာရှိတဲ့ အရှေ့တောနယ်ထဲက ရွာတွေမပါ ကျနော်တို့ ရထားတဲ့ စာရင်းတစ်ခုတည်းအရ ၃၀ ကျော်လောက် ဖြစ်ပွားနေပါတယ်။ ရေဖြူနယ်ထဲမှာလည်း ၄၀ ဝန်းကျင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေတာ သိရတယ်။ အလားတူ လောင်းလုံးမှာလည်း ၃၀ ကျော်စာရင်းရထားပါတယ်။ ဒါ့အပြင် ရောဂါ လက္ခဏာပြင်းထန်တာနဲ့ အသက်သေဆုံးတာတွေလည်း ရှိနေပါတယ်။ သွေးလွန်တုပ်ကွေးက ကျနော်တို့ တနင်္သာရီတိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ လောက်မှာ ဖြစ်ပွားနှုန်းက လျှော့ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ သွေးလွန်တုပ်ကွေးအပါအဝင် တခြားကူးစက်ရောဂါတွေ ဆတိုးမြင့်မားလာတာ တွေ့ရပါတယ်။ ဒီအခြေအနေမှာ ခံရတာပြည်သူလူထုပဲ ဖြစ်တယ်။ ဒါကြောင့် ကြိုတင် ကာကွယ်ရမယ့်နည်းလမ်းတွေကို အဓိကတိုက်တွန်း နှိုးဆော်နေတာပါ။
မေး – ဘယ်အရွယ်တွေမှာ သွေးလွန်တုပ်ကွေးအဖြစ်များနေတာလဲ။
ဖြေ – သွေးလွန်တုပ်ကွေးကူးစက်ခံရတာကတော့ အသက် ၁၅ နှစ်အောက်တွေမှာ ဖြစ်နေပါတယ်။ သူ့ရဲ့သဘောသဘာဝအရ အသက်ငယ်တဲ့သူတွေ အဓိကကူးစက်တယ်ဆိုပေမယ့် နောက်ပိုင်းမှာက အသက်အရွယ်မရွေး ကူးစက်လာတယ်။ အခုလည်း လူကြီးတွေမှာ ကူးစက်ခံနေရတာကိုတွေ့ရပါတယ်။
မေး – မနှစ်ကမိုးရာသီမှာရော သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အခြေအနေ ဘယ်လိုရှိခဲ့ပါလဲ။
ဖြေ – မနှစ်ကတော့ ကျနော်တို့အနေနဲ့ သွေးလွန်တုပ်ကွေးနဲ့ပက်သက်တဲ့ အသိပညာပေးတာကို တိုက်ရိုက်အားဖြင့် မလုပ်ဆောင်နိုင်သေးတဲ့ အနေအထားပါ။ နိင်တဲ့ဘက်က လုပ်ဆောင်တာမျိုးပဲရှိသေးတော့ အချက်အလက်စုစည်းထားတာ မရှိသေးပါဘူး။ ဒီနှစ်မှာကတော့ ကျနော်တို့သွားတဲ့နေရာတိုင်းမှာ အချက်အလက်တွေစုတယ်။ ဒေသခံတွေကို မေးမြန်းတယ်ပေါ့။ အဲတော့ အပေါ်က အရေအတွက်ဟာ ကျနော်တို့ရယူထားတဲ့ စာရင်းအရေအတွက်ပဲ ရှိပါသေးတယ်။ ထားဝယ်ခရိုင်တစ်ခုလုံး ခြုံငုံပြီးရတဲ့ စာရင်းမဟုတ်သေးဘူးပေါ့။ သေချာတာကတော့ ဒီနှစ်မှာ ဖြစ်ပွားမှုသိသိသာသာများနေပါတယ်။
မေး – သွေးလွန်တုပ်ကွေးအပြင် တခြားကျန်းမာရေးပြဿနာတွေကရော ဘာတွေရှိမလဲ။
ဖြေ – လက်ရှိကတော့ သွေးလွန်တုပ်ကွေးအပြင် တခြားကူးစက်ရောဂါတွေအားလုံးကို ခံနေရတာပါ။ ငှက်ဖျားဆိုရင်လည်း တော်တော်အဖြစ်များကြတယ်။ HIV ရောဂါတွေလည်း ပြန်များလာတယ်။ အဓိကပြဿနာကတော့ ဆေးဝါးအလုံအလောက် မရှိတာပါ။ ဖြစ်နေတဲ့ရောဂါနဲ့ ပတ်သက်တဲ့ဆေးဝါးတွေ မရကြဘူးပေါ့။ အခုကာလမှာ အရင်ကရှိခဲ့တဲ့ NGO အဖွဲ့တွေအနေနဲ့လည်း မလုပ်နိုင်ဘူး။ ဒီတော့ အကုန်လုံးပြန်အဖြစ်များလာတယ်။ အဲဒီအပြင် သေးသေးမွှားမွှား ကျန်းမာရေးပြဿနာလေးတွေမှာကအစ အကန့်အသတ်တွေ ရှိလာတယ်။
မေး – ဂိမှာန်အနေနဲ့ရော ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်နေရာတွေကို လွှမ်းခြုံပြီး ကူညီပေးဖြစ်လဲ။
ဖြေ – ကျနော်တို့ကတော့ ဖွဲ့စည်းထားကတော့ တိုင်းအဆင့်ကို ရည်ရွယ်ပြီး ဖွဲစည်းထားတာပါ။ ကျနော်တို့အနေနဲ့ တနင်္သာရီတိုင်းအတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေလုပ်မယ်ဆိုပြီး ရည်ရွယ်ထားတာဖြစ်တယ်။ သို့သော် လတ်တလောကျနော်တို့ အနေအထားအရ တိုင်းတစ်ခုလုံးကို ခြုံငုံဖို့ ခဲရင်းနေတယ်။ ကြိုးစားနေတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ထားဝယ်ခရိုင်အတွင်းကကျေးရွာတွေကိုတော့ ခြုံငုံပြီး ကူညီနိုင်နေပါတယ်။
မေး – နယ်မြေမတည်ငြိမ်တဲ့ဒေသတွေကို ရိက္ခာ၊ ဆေးဝါးလမ်းကြောင်းတွေကို စစ်ကောင်စီကဖြတ်တောက်ထားတော့ ဆေးဝါးအခက်အခဲက ဘယ်လိုရှိလဲ။
ဖြေ – နယ်မြေမတည်ငြိမ်တဲ့ဒေသကို ပို့ဆောင်တဲ့အချိန်မှာတော့ စစ်ကောင်စီဖြတ်တောက်ထားတဲ့အတွက် အခက်အခဲကတော့အများကြီးရှိပါတယ်။ အရေးပေါ် ဆန်နဲ့ဆေးဝါးတွေ လိုအပ်လို့ ပို့ဖို့လိုနေရင်တောင် ကျနော်တို့ အနေနဲ့ ရက်ပေါင်းများစွာစောင့်ရတယ်။ ခက်ခက်ခဲခဲနဲ့ သယ်ဆောင်နေရပါတယ်။
မေး – ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အချိန်မှာရော ဘယ်လို အခက်အခဲတွေအဓိကကြုံရလဲ။
ဖြေ – ကျနော် အစကပြောသလိုပဲ ကျနော်တို့မှာ လူအရင်းမြစ်၊ ငွေကြေးအရင်းအမြစ်၊ ဆေးဝါးရရှိမှုအရင်းအမြစ် အားလုံးကအကန့်အသတ်ရှိနေတယ်။ အလားတူ အရေးပေါ်အခြေအနေတွေအတွက် စားနပ်ရိက္ခာဆိုရင်လည်း အလုံအလောက်မရှိဘူး။ ကျန်းမာရေးနဲ့ပတ်သက်လို့ တချို့ရွာတွေမှာက အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းကို တက်ပြလို့မရဘူး။ တော်လှန်ရေးအင်အားစုတွေဘက်က ကုသပေးမှပဲရတယ်။ တော်လှန်ရေးအင်အားစုဘက်ကလည်း ပြည်သူတွေရဲ့ထောက်ပံ့ငွေပဲရှိတော့ အကန့်အသတ်ရှိနေပြန်တယ်။ ဒါကြောင့်အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုပဲ လုပ်ပေးနိုင်ပါတယ်။
မေး – ဖြည့်စွက်ပြီးပြောချင်တာရှိရင်ပြောပြပေးပါ။
ဖြေ – ဖြည့်စွက်ပြောချင်တာကတော့ ကျနော်တို့ဟာပြည်သူကပေါက်ဖွားပေးလိုက်တဲ့၊ တော်လှန်ရေးက ပေါက်ဖွဲ့ပေးလိုက်တဲ့ ကော်မတီဖြစ်တာနဲ့အညီ တော်လှန်ရေးခံယူချက်အပြည့်အဝနဲ့ ကူညီဖို့ ပြည်သူလူထုနဲ့ အမြဲအတူရှိနေတယ်။ ရှေ့ဆက်ပြီးရင်တော့ တက်နိုင်တဲ့မိဘပြည်သူတွေအနေနဲ့ ကျနော်တို့ကို ဝိုင်းဝန်းကူညီပေးကြဖို့ပြောချင်ပါတယ်။ နောက်ပြီး ကျနော်တို့ ဂိမှာန်အဖွဲ့ကို ပြည်သူတွေအနေနဲ့ အချိန်မရွေးဆက်သွယ်နိုင်တယ်၊ မေးမြန်းနိုင်တယ်။ ကျနော်တို့လည်း အဆင်သင့်ရှိနေပါတယ်ခင်ဗျား။
The Tanintharyi Times