နိုင်ငံသားသတင်းစာပညာ လက်စွဲ(၃)

နိုင်ငံသားသတင်းစာပညာ လက်စွဲ(၃)

နိုင်ငံသားသတင်းစာပညာကို လက်တွေ့ကျင့်သုံးခြင်း

နိုင်ငံသားသတင်းစာပညာက ပရော်ဖက်ရှင်နယ်သတင်းသမားတွေထက် အဓိက အားသာတဲ့ အချက်ကတော့ အောက်ခြေကနေအထက်ကို ပြန်သတင်းပေးပိုတဲ့စနစ်ပါပဲ။ ဒါကို Bottom-Up Reporting လို့ ဆိုကြပါစို့။ ဒါကြောင့် CJ တွေဟာ လူထုနဲ့တသားထဲ ရှိနေတာပါ။

ပြောင်းပြန်အားဖြင့် ပရောဖက်ရှင်နယ်သတင်းသမား အများစုကတော့ ခေါင်းဆောင်တွေ၊ ထင်ရှားသူတွေ ဘာပြောတယ်ဆိုတာကို ပိုအာရုံစိုက်ကြရလေ့ ရှိကြပါတယ်။ သူတို့က အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေ၊ နိုင်ငံတကာရဲ့ သဘောထားတွေ၊ အစည်းအဝေးရလဒ်တွေ၊ မိန့်ခွန်းတွေကို အာရုံပိုစိုက်ကြရပါတယ်။ (Top-Down Reporting) ဆိုပါစို့။

ဒါကြောင့် CJ ဟာ လူထုထဲက မွေးဖွားလာပြီး လူထုကို ပိုပြီးကိုယ်စားပြုပါတယ်။

(က) အစိုးရသတင်းစာတွေကို ဖတ်ပါ၊ ရုပ်သံတွေကို ကြည့်ပါ။

အင်တာနက်ပေါ်က ပြန်ကြားရေးဝက်ဘ်ဆိုဒ်မှာ အစိုးရသတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ကို PDF ဖိုင်နဲ့ လွယ်လွယ်ကူကူ ဒေါင်းလုပ်လုပ်လို့ ရပါတယ်။ ဖတ်ကြည့်ပါ၊ အင်မတန်အပျင်းပြေပါတယ်။ သတင်းလုပ်လို့ရတဲ့အစအနတွေ နေ့စဉ်ပါပါတယ်။ သူတို့ဝါဒဖြန့်တာနဲ့ ရပ်ကွက်ထဲက အောက်ခြေမှာဖြစ်နေတာတွေနဲ့ နှိုင်းယှည်ကြည့်ပါ။ သူတို့ဘာပြောသလဲ ကြည့်ပါ။ သူတို့လေသံတွေကို နားထောင်ပါ။ ကာကွယ်ဆေးတွေ ထိုးပေးနေတယ်လို့ သတင်းစာမှာပါရင် ရပ်ကွက်ထဲမှာ တကယ်ထိုးပေးရဲ့လားကြည့်ပါ၊ မုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးနေတယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ၊ ဟုတ်မဟုတ် ကြည့်ပါ။

(ခ) အမြန်နှုန်း

CJ လုပ်ငန်းဟာ မြန်နှုန်းမြင့်ဖို့တော့ အရေးကြီးပါတယ်။ သတင်းကို မြန်မြန်တင်နိုင်ဖို့ လိုပါတယ်။ မြန်လိုစိတ်များလို့ အမှားမတင်မိအောင်တော့ သတိထားရပါမယ်။ တကယ်လို့ သတင်းဌာနကြီးတွေမှာ ကိုယ့်ဒေသနဲ့ ပက်သက်လို့ သတင်းအမှားတက်လာရင်လည်း အမှားပြင်ဆင်ချက် တင်ပေးလို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း အယ်ဒီတာဆီကို ဆက်သွယ်ပြီး အသိပေးသင့်ပါတယ်။

(ဂ) နှုတ်လုံပါ

လူအများစုအတွက် အဓိက ခက်ခဲတဲ့အရာဟာ ကိုယ့်နှုတ်ကိုကိုယ်ပိတ်ရခြင်း ဖြစ်ပါတယ်။ လုံးဝစောင့်ထိန်းပါ။ ကိုယ်ဘယ်သတင်းကို ပေးပို့တယ်၊ ကိုယ်ဘယ်ဓာတ်ပုံ၊ ဗီဒီယိုကိုပေးပို့တယ်ဆိုတာကို မလိုအပ်ရင် ဘယ်သူ့ကိုမှ မပြောပါနဲ့။ ကိုယ်ရိုက်ထားတဲ့သတင်းပုံတွေကို ကိုယ့်ကွန်ပြူတာထဲ၊ ဖုန်းထဲမှာ မချန်ပါနဲ့။ ကိုယ့်လက်ရာအကြောင်း ဘယ်သူတွေ ဘယ်လောက်ပဲ ကိုယ့်ရှေ့မှာချီးကျူးနေနေ မသိချင်ယောင်ဆောင်ဖို့သာ ကြိုးစားပါ။

မထင်ပေါ်ချင်ပါနဲ့။ ထင်ပေါ်ချင်တာ အန္တရာယ်ကြီးပါတယ်။

(ဃ) လူမှုရေး

သတင်းရဖို့အတွက်ဆိုပြီး မလိုအပ်ပဲ ရဲ၊ ထွေအုပ်၊ ထောက်လှမ်းရေးတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့။ နှစ်ဖက်သူလျှို (Double Agent) လို့ အမြင်ခံရလို့ ထွက်ပြေးရသူတွေ ရှိခဲ့ပါတယ်၊ သတိထားပါ။ ရပ်ကွက်ထဲက လူတွေနဲ့စကားပြောတဲ့အခါ ကိုယ်ပြောတာထက် နားထောင်တာက ပိုကောင်းပါတယ်။ ကိုယ်သိကြောင်းကို ထုတ်ဖော်ပြောတာ မကောင်းပါဘူး။

(င) မျက်နှာစာလုပ်ငန်း

မုန့်ဟင်းခါးရောင်းတာပဲ ဖြစ်ဖြစ်၊ ကျူရှင်သင်တာပဲ ဖြစ်ဖြစ်၊ စတိုးဆိုင်ဖွင့်တာပဲ ဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့လုပ်ငန်းကို အတည်တကျ လုပ်ပါ။ မမေ့လျော့ပါနဲ့။ မူရင်းလုပ်ငန်းက အင်မတန် အရေးကြီးပါတယ်။ ပတ်ဝန်းကျင်က ကိုယ့်ကိုကိုယ့်လုပ်ငန်းနဲ့ပဲ တွဲမြင်နေတာ အကောင်းဆုံးပါ။

လူဆုံရင် နိုင်ငံရေးအကြောင်းပဲပြောတာ မကောင်းပါ။ ဖြစ်နိုင်ရင် အသာလေးနားထောင် ပေးလိုက်ပါ။ ကိုယ်က ဦးဆောင်မပြောပါနဲ့။

(စ) နည်းပညာကိုလေ့လာပါ

ဆက်သွယ်ရေးဆိုင်ရာနည်းပညာတွေကို ပညာရှင်အဆင့်ထိနားမလည်တောင် တီးမိခေါက်မိ ရှိရပါမယ်။ ကိုယ့်လုံခြုံရေးအတွက်တော့ သိထားရပါမယ်။ အင်တာနက်ပေါ်မှာရှိတဲ့ သတင်းရင်းမြစ်ဝက်ဘ်ဆိုက်တွေကို အချိန်ယူလေ့လာပါ။ ဘယ်အချက်အလက်ကို ဘယ်မှာ အလွယ်တကူရှာလို့ရတယ်ဆိုတာကို သိထားသင့်ပါတယ်။ စိတ်ချရတဲ့ကျွမ်းကျင်သူရှိရင် မေးမြန်းသင်ယူပါ။

(ဆ) သတင်းအချက်အလက်များကို မှန်မမှန်စစ်ဆေးပါ (Verification)

ကိုယ်ကြားတာတွေ အားလုံးကို လွယ်လွယ်ကူကူ မယုံပါနဲ့။ ကြားလိုက်ရုံနဲ့ ချက်ချင်းရေးတင်လိုက်တာ၊ အယ်ဒီတာဆီလှမ်းပို့လိုက်တာမျိုး မလုပ်မိပါစေနဲ့။ မှန်မမှန် အရင်စစ်ဆေးကြည့်ပါဦး။ ရွာတရွာမှာ လူ၅ဦးကို ဖမ်းခေါ်သွားတယ်လို့ ရွာသားတယောက် လှမ်းပြောရင် အနည်းဆုံး နောက်ထပ် ရွာသားတယောက် (ဖြစ်နိုင်ရင် မျက်မြင်သက်သေ)နဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားပါ။ သူတို့မိသားစုဝင်တွေနဲ့ စကားပြောနိုင်ဖို့ ဆက်သွယ်ပါ။ သတင်းဟာ မြန်ဖို့ထက် မှန်ဖို့က ပိုအရေးကြီးပါတယ်။

(ဆက်လက် ဖော်ပြပါမယ်။)

ဖော်ပြပြီးခဲ့တဲ့ အခန်းတွေ
၂။ နိုင်ငံသားသတင်းစာပညာ လက်စွဲ(၂)၊ နိုင်ငံသားသတင်းသမားများရဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲက အခန်းကဏ္ဏ >>> https://www.tntynews.com/2023/07/16/21306/

The Tanintharyi Times