ကွမ်းသီးခြောက်ရောင်းမထွက်လို့ တနင်္သာရီက ခြံလုပ်ငန်းရှင်အများစု စားဝတ်နေရေး အခက်အခဲဖြစ်နေ
ကွမ်းသီးခြောက်ရောင်းမထွက်လို့ တနင်္သာရီက ခြံလုပ်ငန်းရှင်အများစု စားဝတ်နေရေး အခက်အခဲဖြစ်နေ

တိုက်ပွဲတွေနဲ့ စစ်ကြောင်းထိုး ပစ်ခတ်မှုတွေကြောင့် နယ်မြေမတည်မငြိမ်ဖြစ်လာတဲ့ တနင်္သာရီတိုင်းမှာ ကွမ်းသီးစိုက်ပျိုးရေးကို အားထားနေရတဲ့ ဒေသခံတွေဟာ ဈေးကွက်အဝယ်အေးလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲအဖြစ်များဆုံးဖြစ်တဲ့ တနင်္သာရီမြို့နယ်အပါအဝင်တိုင်းအတွင်းက ကွမ်းသီးခြံပိုင်ရှင်အများစုဟာ ကွမ်းသီးခြောက်ပိဿာချိန်အများအပြားကို မြို့ပေါ်မှာရှိတဲ့ကွမ်းသီးဒိုင်တွေဆီမှာ သွားရောက်အပ်နှံထားပြီး စျေးကောင်းချိန်မှပြန်ရောင်းထုတ်တာမျိုး ပြုလုပ်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
“အိမ်မီးရှို့ခံရရင်ပါသွားမှာ စိုးလို့ ထားဝယ်ကဒိုင်မှာပိဿာချိန် ၈၀ ကျော်သွားအပ်ထားတာ။ အရင်ကဆိုအိမ်မှာပဲထားပြီးစျေးကောင်းချိန်ကျမှ ထားဝယ်မှာ တက်ရောင်းတာ။ အခုတော့ တစ်ပိဿာမှ ရောင်းမထွက်သေးဘူး” လို့ သရက်ချောင်းမြို့နယ်ထဲရှိ တောင်ပျောက်တိုက်နယ်က ကွမ်းသီးခြောက်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
တောင်ပျောက်တိုက်နယ်ထဲက ဒေသခံအများစုကလည်း အခုလက်ရှိမှာ ကွမ်းသီးခြောက်တွေ ရောင်းမထွက်တာကြောင့် ဝင်ငွေမရှိဖြစ်နေကြပြီး ကွမ်သီးစိမ်း(ကွမ်းသီးနု)တွေကို ခူးရောင်းကာ ရတဲ့ငွေနဲ့ နေ့စဥ်စားဝတ်နေရေးကို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
ဒိုင်တွေမှာ သွားအပ်ပြီးစျေးကောင်းရတဲ့အချိန်ရောင်းထုတ်တာမျိုးကို ပြီးခဲ့တဲ့နှစ်ကအထိ လုပ်ကိုင်လို့ အဆင်ပြေခဲ့ပေမဲ့ ဒီနှစ်မှာတော့ အဆင်မပြေတော့ဘူးလို့ သိရပါတယ်။ ကွမ်းသီးခြောက် အပ်ခံထားရတဲ့ ဒိုင်တွေကငွေမအမ်းပေးနိုင်တာကြောင့် ရောင်းချင်တဲ့အချိန်ရောင်းလို့မရဘဲ ဝင်ငွေမရှိဖြစ်နေတယ်လို့ ဒိုင်တွေမှာပိဿာချိန်အမြောက်အမြားအပ်ထားတဲ့ ကွမ်သီးခြောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပြပါတယ်။
မြိတ်မြို့က ကွမ်းသီးဒိုင်မှာအပ်ထားတဲ့ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုက ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “အခုငွေလိုလို့ ရောင်းချင်တာ ပိုက်ဆံမပေးနိုင်ဘူး ပြောတယ်၊ ဒိုင်က။ အဲဒီကငွေမရတော့ ကျနော်ဆေးရုံဆေးခန်းတောင် မသွားနိုင်တော့ဘူး။ အခုရွာထဲကဆေးဆိုင်တွေမှာပဲ စပ်ဆေးတွေဝယ်သောက်နေရတယ်။” လို့ ပြောပါတယ်။
ခြံထဲမှာတနိုင်တပိုင်စိုက်ထားတဲ့ သံပုရာသီး၊ ဟင်းသီးဟင်းရွက်စတဲ့တစ်ဧကခန့်သာရှိတဲ့စိုက်ခင်းဆီက ရတဲ့ဝင်ငွေကိုမှီခိုကာ နေ့စဥ်စားဝတ်နေရေးဖြေရှင်းနိုင်ဖို့ကြိုးစားနေရတယ်လို့ သူက ဆက်ပြောပါတယ်။
အလားတူ ရေဖြူမြို့နယ်မှာလည်း ကွမ်းသီးခြောက်လုပ်ငန်းရှင်အချို့ကလည်း ထားဝယ်မြို့ပေါ်က ကွမ်းသီးခြောက်ဒိုင်မှာ ကွမ်းသီးခြောက်သွားရောင်းတဲ့အချိန် မဝယ်တဲ့အတွက် ပြန်လှည့်ပြန်ခဲ့ရတာမျိုး ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေဖြူဒေသခံအမျိုးသားတစ်ဦးက “ကျနော်တို့ရေဖြူဘက်မှာက ကွမ်းသီးကိုအဓိကမှီခိုနေတာမဟုတ်တော့ ခံသာနေတယ်ဗျ။ နှစ်တိုင်းနဲ့မတူဘူး။ နှစ်တိုင်းဆို စျေးနှိမ်ပြီး ဝယ်သေးတယ်။” လို့ ပြောပါတယ်။
ရေဖြူမြို့နယ်က ဒေသခံအများစုဟာ ကွမ်းသီးတစ်မျိုးတည်းစိုက်တာမျိုးမဟုတ်ဘဲ အုန်းပင်၊ သီဟိုဠ်ပင်၊ ရာဘာ၊ ငှက်ပျော စတဲ့အပင်တွေလည်းစိုက်ကြတာကြောင့် အဲဒီကရတဲ့ငွေတွေနဲ့လှည့်ပတ်သုံးစွဲနေလို့ အနည်းငယ်အဆင်ပြေနေကြတယ်လို့ သူကဆက်ပြောပါတယ်။
တနင်္သာရီတိုင်းထဲက ကွမ်းသီးခြောက်တွေအခုလိုရောင်းမထွက်ဖြစ်နေတာဟာ ကွမ်းသီးခြောက်စျေးကွက်မရှိတာ၊ ဒိုင်တွေအနေနဲ့ ဘဏ်ကနေလိုသလောက် ပိုက်ဆံမထုတ်နိုင်တာကြောင့်လို့ ဖြေရှင်းချက်ပေးနေကြတယ်လို့ ကွမ်းသီးခြောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပြပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားကောင်းတဲ့နယ်မြေကထွက်တဲ့ ကွမ်းသီးခြောက်တွေကိုအရောင်းအဝယ်မလုပ်ဖို့လည်း ကွမ်းသီးခြောက်အဝယ်ဒိုင်တွေကို စစ်ကောင်စီဘက်က ဖိအားပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ရှိပါတယ်။
တနင်္သာရီမြို့နယ်မှာလက်ရှိပေါက်စျေးရှိနေတဲ့ ကွမ်းသီးခြောက်စျေးနှုန်းတွေကတော့ မျက်နှာပြင်ညီတဲ့ကွမ်းသီးခွဲခြမ်းတစ်ပိဿာကို ၂,၂၀၀ ကျပ်၊ ကွမ်းသီးအလုံးခြောက်တစ်ပိဿာကို ကျပ် ၃,၀၀၀ ဝန်းကျင်၊ ပါကင်အခြောက်တစ်ပိဿာကိုတော့ကျပ် ၄,၀၀၀ ဝန်းကျင်ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
The Tanintharyi Times