နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကိုပြောင်းရွှေ့တဲ့ သတင်းမှန်ကန်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကိုပြောင်းရွှေ့တဲ့ သတင်းမှန်ကန်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်

Daw-Su

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ကိုပြောင်းရွှေ့တဲ့ သတင်းမှန်ကန်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာတွေကို ဖြေကြားထားပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပဒေများအရ ထောင်သို့ပြောင်းရွှေ့ခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှုရှိကြောင်း” စစ်ကောင်စီရဲ့ ဖြေကြားစာမှာ ရေးထားပါတယ်။

ဒါအပြင် “ထောင်၌ သီးခြားကောင်းမွန်စွာ ထားရှိထားပါသည်။” လို့လည်း ဖြေကြားစာမှာ ဆက်လက် ရေးသားထားပါတယ်။

ပြောင်းရွှေ့ထားတဲ့ ထောင်က ဘယ်ထောင်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းလား သူနဲ့ အတူနေသူတွေကော ပါလာသလား ဆိုတာကိုတော့ မဖြေထားပါဘူး။

RFA သတင်းဌာနကတော့ နေပြည်တော်အချုပ်ထောင်အတွင်းက သီးခြားအိမ်တစ်လုံးကို မနေ့က ပို့ဆောင်ခဲ့တယ်လို့ သတင်းဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှိုဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင်ထားတဲ့အမှုကို ဒီနေ့စစ်ဆေးရာမှာ ယခင် အမှုစစ်နေ့ကျ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီရုံး အထူးတရားခွင်မှာမစစ်ဘဲ နေပြည်တော်အချုပ်ထောင်အတွင်းက အထူးတရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အမှုပေါင်း ၁၉ မှုနဲ့ စွပ်စွဲခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ပုဒ်မ ၆ ခုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။

The Tanintharyi Times