PDF တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေ တနင်္သာရီတိုင်းမှာ ရေလမ်းကိုပိုအသုံးပြုလာ
PDF တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေ တနင်္သာရီတိုင်းမှာ ရေလမ်းကိုပိုအသုံးပြုလာ
တနင်္သာရီတိုင်းထဲက လမ်းမတွေပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေဟာ ရေကြောင်းခရီးကို ပိုပြီးအသုံးပြုလာတာကို တွေ့နေရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကမ်းရိုးတန်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက တချို့မြို့နယ်တွေကို ဝင်ရောက်တဲ့အခါမှာ စစ်သင်္ဘောတွေအသုံးပြုပြီး ဝင်ရောက်လာတာတွေရှိသလို ငါးဖမ်းစက်လှေ၊ Speed Boat တွေနဲ့ မြစ်ချောင်းတွေကတဆင့် ဝင်ရောက်၊ သွားလာနေကြပါတယ်။
အဲဒီလိုသွားလာတဲ့နေရာမှာ ဒေသခံတွေရဲ့ငါးဖမ်းလှေတွေကိုလည်း ချောဆွဲပီးအသုံးပြုနေကြတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အခုလောင်းလုံးမှာ စစ်ကြောင်းထိုးနေတဲ့အချိန် ရေလမ်းကို ပိုသုံးနေတာ” လို့ လောင်းလုံးဒေသခံတစ်ဦးက ပြောပါတယ်။
ဇွန်လ ၂၀ ရက်က ပြည်သူ့ပန်းတိုင်အဖွဲ့မှာ CDM ပြုလုပ်ခဲ့တဲ့ ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ က စစ်သည်ရဲ့ ပြောဆိုချက်အရလည်း စစ်တပ်ဟာ PDF တွေရဲ့ မိုင်းစစ်ဆင်ရေးကြောင့်အဓိကအထိနာနေတယ် သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ကုန်းကြောင်းသွားလာမှုတွေကိုလျှော့ချလာတဲ့အပြင် ကုန်းလမ်းကသွားတဲ့အချိန်တွေမှာ လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေ၊ ကားတွေအရှေ့ကနေ စစ်သားတွေကို ခြေလျင်လျှောက်ခိုင်းတာတွေနဲ့ ပြည်သူတွေကိုဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်တာတွေ လုပ်ဆောင်နေကြပါတယ်။
တနင်္သာရီတိုင်းထဲက ရေဖြူ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ စစ်ကောင်စီယာဥ်တန်းနဲ့စစ်ကြောင်းတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရဖူးပါတယ်။
The Tanintharyi Times
