ဒူးရင်းစေ့ အဝယ်ရပ်နေတာကြောင့် တစ်ပိသာ တစ်ထောင်ကျော်ပဲစျေးပေါက်နေ

ဒူးရင်းစေ့ အဝယ်ရပ်နေတာကြောင့် တစ်ပိသာ တစ်ထောင်ကျော်ပဲစျေးပေါက်နေ

ဒူးရင်းစေ့

ရာသီဥတုဆိုးရွားပြီး ထိုင်းကိုလှေလမ်းထွက်မရတဲ့အတွက် ဒူးရင်းစေ့ဟာ ဈေးအလွန်ကျပြီး အဝယ်ရပ်နေတယ်လို့ ထားဝယ်မြို့ အဝယ်ဒိုင်တွေထံက သိရပါတယ်။

ဒီနှစ် ဒူးရင်းသီးစပေါ်ပေါ်ချင်း အချိန်မှာ ဒူးရင်းစေ့ တစ်ပိသာ ၉၀၀၀ ကျပ်လောက် အထိ စျေးရှိခဲ့ပေမယ် အခုလက်ရှိမှာတော့ အစေ့ တစ်ပိသာ ၁၅၀၀ ကျပ်ထက်မပိုတော့ဘူးလို့ သိရပါတယ်။

မိုးရွာလာပြီး ဒူးရင်းသီးပေါလာချိန်မှာ အစေ့စျေးက တဖြည်းဖြည်းကျသွားတတ်တာ ထုံးစံဖြစ်ပေမယ် အခုရာသီက ရေလမ်းပါ ပိတ်ခဲ့တဲ့အတွက် အဝယ်တချို့ပါ ရပ်နေခဲ့တာလို့ ဒိုင်တချို့က ပြောပါတယ်။

“အစ်မတို့ဝယ်နေတာ ၄နှစ်လောက်ရှိပြီ။ အစကတော့ လူတွေရောင်းလို့ရမှန်း မသိကြဘူး။ ပိသာကောက်၊ ငါးဆယ်သား အဲလိုတွေလည်း ဝယ်ပေးပါတယ်” လို့ထားဝယ်မြို့က ဒူးရင်းသီးအဝယ်ဒိုင်တစ်ဦးက ပြောပါတယ်။

အစေ့မှာအညှောက်ထွက်တာနဲ့ အရမ်းကြာသွားတာမျိုးဆိုရင်တော့ ရောင်းပန်းမလှတော့လို့ ပြန်မဝယ်ဘူးလို့လည်းသိရပါတယ်။

ဒူးရင်းစေ့ကို ထိုင်းနိုင်ငံမှာ ပျိုးပင်ကိုင်းကူးတာတွေပြုလုပ်ပြီး ပြန်လည်စိုက်ပျိုးတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်းက ဒူးရင်းစေ့တွေကို ၊ မောတောင်နယ်စပ်နဲ့ ကော့သောင်းနယ်စပ်ကနေ ထိုင်းနိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

The Tanintharyi Times