ပီနန်းရောက် လောင်းလုံးက ရှစ်တန်းကျောင်းသား

ပီနန်းရောက် လောင်းလုံးက ရှစ်တန်းကျောင်းသား

“ ရွာကိုသတိရတယ်။ သူငယ်ချင်းတွေကိုသတိရတယ်။ သူငယ်ချင်းအများစုကလည်း ကျနော့်လိုပဲ ထိုင်းရောက်တာနဲ့ မလေးရှားရောက်တာနဲ့ ဖြစ်ကုန်ပြီ။”

စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံက လူငယ်တွေရဲ့အနာဂတ်ကိုဖျက်ဆီးခဲ့ပါပြီ။ မတရားအာဏသိမ်းမှုကိုဆန့်ကျင်တဲ့ ကျောင်းသားလူငယ်အများစုဟာ စစ်ကောင်စီရဲ့စာသင်ခန်းတွေကို ရဲရဲကြီး စွန့်ခွါခဲ့ကြတယ်။ စစ်အာဏာရှင်စနစ်က သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရိုက်ချိုးပစ်ခဲ့ကြတယ်။

စာသင်ခန်းကိုစွန့်ခွါခဲ့ကြတဲ့ သူတွေထဲမှာ လောင်းလုံးမြို့နယ်က ရှစ်တန်းကျောင်းသားလေး မောင်စုစုလည်း ပါဝင်ပါတယ်။ အခုအချိန်မှာတော့ သူဟာ မလေးရှားနိုင်ငံ၊ ပီနန်းမြို့မှာတရားမဝင်နေထိုင်ရင်း တရုတ်တန်းက ဝက်သားတွေကို ဓားတစ်ချောင်းနဲ့ နေ့စဉ်ခုတ်ထစ်ရင်း တနေ့တာကို ဖြတ်သန်းနေပါတယ်။

အသက် ၁၆ နှစ်အရွယ် မောင်စုစုဟာ ဘောလုံးအားကစားမှာထူးချွန်သူပါ။ သူ့ရဲ့အကြိုက်ဆုံးဘောလုံးသမားကတော့ ရော်နယ်ဒိုဖြစ်ပါတယ်။ အောင်မြင်တဲ့ ဘောလုံးသမားတယောက်ဖြစ်ချင်တဲ့သူဟာ လက်ရှိမှာတော့ ဘယ်လိုတွေကြုံတွေ့နေရပါသလဲ။ သူ့ရည်မှန်းချက်နဲ့ အခုဘဝအခြေအနေ ဘယ်လိုကွာခြားနေပြီလဲ။

ဒီအကြောင်းတွေကို တောင်ပိုင်းသားတို့အသံကဏ္ဍကနေ မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

မေး – ဘယ်နှတန်းအထိကျောင်းတက်ခဲ့တာလဲ။

ဖြေ – ကျနော်က ကိုဗစ်မဖြစ်ခင်က ၇ တန်းအောင်ပြီးပါပြီ။ ၈ တန်းတက်ရမှာပေါ့ဗျာ။ ဒါပေမယ့် အခုကတော့ ရပ်သွားပြီပေါ့။ တကယ်ဆို ကျနော့်အသက်အရွယ်နဲ့ ဆယ်တန်းရောက်နေရမှာပါ။

မေး – ကျောင်းမတက်ဖြစ်တဲ့အချိန် ဘာတွေလုပ်ဖြစ်လဲ။

ဖြေ – ကိုဗစ်ကာလမှာကတော့ ဂိမ်းဆော့တယ်၊ ဘောလုံးကန်တယ်၊ အိမ်ကခြံမှာကူညီတယ်။ မင်းအောင်လှိုင်အာဏာသိမ်းတော့ ဆန္ဒပြလိုက်တယ်။ ရွာမှာရော ထားဝယ်မှာရောပဲ။ အဲဒီနောက်တော့ ပညာရေးဘုတ်အဖွဲ့မှာ အွန်လိုင်းကျောင်းတက်တယ်ဗျ။ ၆ လလောက်တက်ပြီး ပျင်းလာလို့မတက်တော့ဘူးဗျာ။ အိမ်မှာပဲ ခြံအလုပ်မှာကူတယ်၊ မွေးမြူရေးအလုပ်မှာကူတယ်ပေါ့။

​မေး – မလေးရှားကိုဘယ်အချိန်ကရောက်တာလဲ။

ဖြေ – မလေးရှားကို ၂၀၂၂အကုန်လောက်မှာရောက်တာပါ။ လာတုန်းကတော့ အပေါ်လမ်းကပဲဗျ။ ၃ လဗီဇာနဲ့လာတာ။ အခုကတော့ ဗီဇာသက်တမ်းကုန်ပြီး တရားမဝင်ဖြစ်နေပြီ။ အဲလိုပဲဆက်နေမလို့ပါ။

မေး – ဘာကြောင့်မလေးရှားကိုသွားဖို့ဆုံးဖြတ်ခဲ့တာလဲ။

ဖြေ – ရွာမှာနေရင် သိတဲ့အတိုင်းပဲဗျာ။ အသက်အာမခံချက်မရှိဘူးလေ။ ဒါပေမဲ့ ကျနော်ကတော့ မသွားချင်သေးဘူး။ အမေတို့ကစိတ်ပူပြီး ခေါ်လိုက်တာ။ သူတို့က မလေးရှာမှာအစကတည်း အလုပ်လုပ်နေကြတာပါ။

မေး – ရွာမှာနေတုန်းက ဘာတွေကြုံခဲ့ရလဲ။

ဖြေ – ရွာနားမှာ စစ်တပ်နဲ့ PDF တွေတိုက်ပွဲတွေဖြစ်တာရှိပါတယ်။ အဲဒိအချိန်တွေဆို ပြေးရတာပေါ့။ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်လာရင်လည်း အိမ်မှာမနေရတော့ဘူး။ ရွာကယောင်္ကျားလေးအကုန်ရှောင်ရတယ်လေ။ ကျနော်ဆိုလည်း ထားဝယ်ကိုတက်ရှောင်ရတာနဲ့ တောထဲဝင်ရှောင်ရတာနဲ့။ အဲလိုရှောင်တာမျိုးပဲ အခါ ၂၀ လောက်ရှိမယ်ထင်တယ်။

မေး – အခုလုပ်နေတဲ့အလုပ်က ဘယ်လိုအခြေအနေရှိလဲ။

ဖြေ – ကျနော်ရောက်ရောက်ချင်း စားသောက်ဆိုင်မှာလုပ်တယ်။ အဲဒီအချိန်တုန်းက သိပ်မပင်ပန်းဘူး။ အခုလုပ်နေတာက တရုတ်ဆိုင်ပါ။ လုပ်ရတာကလည်း ပင်ပန်းတယ်ဗျ။ ဝက်သားတွေမနားတမ်း ခုတ်ရ၊ ထစ်ရတယ်။ အသားကြိတ်စက်ထဲ အသားတွေထည့်ရတယ်။ ဆိုင်ရှင်ကတောင်ပြောနေတယ် လက်ကိုဂရုစိုက်တဲ့။ ငါ့ဆိုင်ကထွက်သွားတဲ့သူတွေက လက်ထိလို့ ချည်းပဲတဲ့။ ကျနော်ကလည်း ခဏခဏအာရုံလွတ်တာနဲ့ သတိထားနေရတယ်။

မေး – အလုပ်အားတဲ့အချိန်တွေမှာရော ဘာလုပ်ဖြစ်လဲ။

ဖြေ – အလုပ်ချိန်ကတော့ မနက် ၅နာရီကနေ နေ့လည် ၁၂ နာရီအထိပါပဲ။ ပြီးရင် အိမ်ပြန်တယ်၊ ရေမိုးချိုးပြီးနားတယ်ပေါ့။ ဘောလုံးလည်းသွားကန်ဖြစ်တယ်၊ ဒီက မြန်မာတွေနဲ့လေ။ ဒီမှာ PDF ရံပုံငွေပွဲတွေလည်း ခဏခဏလာတော့ဝင်ကန်ဖြစ်တယ်။ လူကြီးတွေနဲ့ရောပြီး ဝင်ကန်တာပဲ။ ကျနော်အရပ်နဲ့ပုံစံနဲ့ကို ၁၆ နှစ်လို့တယောက်မှ မထင်ကြဘူး။

မေး – ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုစဥ်းစားထားလဲ။

ဖြေ – ကျောင်းကတော့မတက်ဖြစ်လောက်တော့ဘူး ထင်ပါတယ်။ ကျနော်စဥ်းစားတာကတော့ ဘာသာစကားတခုခုသင်ပြီး အဆင်ပြေတဲ့နိုင်ငံတခုမှာ အလုပ်သွားလုပ်မယ်ပေါ့။ ဂျပန်တို့ ကိုရီးယားတို့လိုလေ။ ဒါကလည်း အသက် ၁၈ လောက်ဖြစ်မှ စလုပ်ဖြစ်မယ်ထင်တယ်ဗျ။

မေး – ဘဝရည်မှန်းချက်က ဘာလဲ။

ဖြေ – ကျနော့်ရည်မှန်းချက်က မြန်မာနိုင်ငံမှာ သိပ်မဖြစ်နိုင်တဲ့ဟာမျိုးပေါ့။ အရမ်းကို အောင်မြင်တဲ့ဘောလုံးသမားတယောက်ဖြစ်ချင်တာပါ။ အဲလိုဖြစ်ဖို့ဆိုတာကလည်း ဘောလုံးသင်တန်းကျောင်းတွေ တက်နိုင်မှပဲပိုတိုးတက်လာမှာပေါ့။ စနစ်ကျမှာပေါ့။ အခုကျနော့်အခြေအနေနဲ့က အဲလိုမလုပ်နိုင်ပါဘူး။ နောက်ကထောက်ပံ့ပေးမယ့်သူလည်း မရှိဘူးလေဗျာ။ ဘောလုံးကတော့ ဒီမှာလည်း အမြဲကန်နေတုန်းပါပဲ။

မေး – တရားမဝင်ဖြစ်သွားပြီဆိုတော့ ဖမ်းခံရမှာစိုးရိမ်တာမျိုးရှိလား။

ဖြေ – စိုးရိမ်တာပေါ့ဗျ။ ဒီမှာက ပုံစံကြည့်ပြီးတော့ဖမ်းတယ်။ လမ်းလျှောက်နေရင်လည်း ခေါ်စစ်ပြီးဖမ်းတာပဲ။ ရဲတယောက်နှစ်ယောက်တည်းနဲ့ဖမ်းရင်တော့ ငွေညှစ်တာများတယ်။ အဲ့ကျရင် မြန်မာပိုက်ဆံ ၂ သိန်း၊ ၃ သိန်းအနည်းဆုံးပေးရတယ်။ ဒီထက်အများကြီးပိုတောင်းတာလည်းရှိပါတယ်။ မြန်မာတွေရှိတယ်လို့တိုင်တာခံရရင်တော့ အဖွဲ့တွေနဲ့ဝင်ဖမ်းတယ်။ အဲလိုအချိန်ဆိုရင်တော့ မလွတ်တော့ဘူးဗျာ။ ထောင်ထဲတန်းရောက်မှာပဲ။

မေး – အခုချိန်ဖြစ်ချင်တဲ့ဆန္ဒကဘာဖြစ်မလဲ။

ဖြေ – ရွာကိုသတိရတယ်။ သူငယ်ချင်းတွေကိုသတိရတယ်။ သူငယ်ချင်းအများစုကလည်း ကျနော့်လိုပဲ ထိုင်းရောက်တာနဲ့ မလေးရှားရောက်တာနဲ့ ဖြစ်ကုန်ပြီ။ အကုန်လုံးလည်း အလုပ်အမျိုးမျိုးလုပ်နေကြပြီ။ ဖြစ်ချင်တာကတော့ ရွာကိုပြန်ချင်တာပေါ့။ အခုတော့ မဟုတ်သေးဘူးပေါ့ဗျာ။

The Tanintharyi Times