တနင်္သာရီမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးသေဆုံး
တနင်္သာရီမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးသေဆုံး

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သိန်ခွန်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ အနီးနားရွာတွေကို လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး သိန်ခွန်းရွာတဖက်ကမ်းက ချောင်းလမုရွာဒေသခံတွေ လက်နက်ကြီး ထိမှန် သေဆုံးခဲ့တာပါ။
ချောင်းလမုရွာဒေသခံတွေဟာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခုလ ၁၇ ရက်ကစလို့ အရေးပေါ်စစ်ရှောင်နေရတာဖြစ်ပါတယ်။
လက်နက်ကြီးထိမှန်သေဆုံးသူတွေဟာ စစ်ရှောင်နေချိန် ချောင်းလမုရွာမှာ ဆန်နဲ့လိုအပ်တဲ့ပစ္စည်းတွေ ပြန်သွားယူချိန်မှာ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်၊ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်က ချောင်းလမုရွာမှာ ဒေသခံတွေဆန်သွားသယ်ချိန် စစ်တပ်က ရွာထဲကိုလက်နက်ကြီးပစ်ခတ်ခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်ဒေါ်မီးမဲနဲ့ ဦးသောင်းပုတို့ မောင်နှမနှစ်ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အန္တရာယ်များမှန်းသိရက်နဲ့ ဆန်သွားသယ်ရင်း ထိပြီးသေကြတာပါ။ အလောင်းဘေးမှာ ဆန်တွေလည်းပြန့်ကြဲနေတာပဲဗျ” လို့ သိန်ခွန်းရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် နောက်ထပ်ချောင်းလမုရွာခံအမျိုးသားနှစ်ဦးလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး အဲ့ဒီထဲက တစ်ဦးက ၂၁ ရက် ညမှာ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။
အခုလ ၁၆ ရက်နေ့ကလည်း သိန်ခွန်းရွာမှာရှိတဲ့ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ ကျော်အရွယ် ချောင်းလမုရွာခံ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ကတည်းက စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။
သုံးလကျော်ကြာတိုက်ပွဲမှာ ရက်ဆက်နီးပါးတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က သိန်ခွန်းကျေးရွာအုပ်စု အပါအဝင် တနင်္သာရီမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတော့ သိန်ခွန်း၊ ချောင်းနှစ်ပေါက်နဲ့ ချောင်းလမုရွာတွေကို ရက်တိုင်းနီးပါး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၁၄ ကြိမ်ထက်မနည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
“ဒီဘက်တွေမှာ အခြေအနေတော်တော်ဆိုးနေတယ်ဗျ။ ရွာတွေထဲကို လက်နက်ကြီးတွေ တောက်လျှောက် ပစ်တာ။ လေယာဥ်ကလည်း နေ့တိုင်းနီးပါကို ကြဲနေတာ။ ဒေသခံတွေလည်း တစ်ရွာပြီးတစ်ရွာ ထပ်ခါထပ်ခါ စစ်ရှောင်နေရတယ်” လို့ သိန်ခွန်းတိုက်ပွဲမှာ လှုပ်ရှားနေတဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရေဖြူ၊ ထုံခါ၊ ချောင်းနှစပေါက်၊ သိန်ခွန်း၊ ချောင်းလမုနဲ့ ကွမ်းသီးတောစတဲ့ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး အရေးပေါ်စစ်ဘေးရှောင် နေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ တိုက်ပွဲကာလ ၃ လကျော်မှာ တနင်္သာရီမြို့နယ်အတွင်း အရေးပေါ်စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိနေပြီး အမြဲတမ်းစစ်ရှောင်ဦးရေကတော့ ၂၀၀၀ ကျော်ရှိတဲ့အတွက် လက်ရှိတနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင် အရေအတွက် ၆၀၀၀ ကျော်အထိရှိနေတယ်လို့ နွေဦးမေတ္တာစစ်ရှောင်ကူညီရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
The Tanintharyi Times