အခက်အခဲ အကျပ်အတည်းကြားက ချီတက်နေဆဲ ဒီမိုကရေစီတိုက်ပွဲ
အခက်အခဲ အကျပ်အတည်းကြားက ချီတက်နေဆဲ ဒီမိုကရေစီတိုက်ပွဲ
ရုရှား၏ ကျူးကျော်စစ်နှင့် ယူကရိန်း အရေးက နိုင်ငံတကာ သတင်းများကို လွှမ်းမိုးထားချိန် မြန်မာတွင် စစ်တပ်က အာဏာသိမ်းအပြီး တစ်နှစ်ကျော်အကြာ၌ ပိုမိုရက်စက်ကြမ်းကြုတ်လာသော အာဏာရှင်အား ဆန့်ကျင်တွန်းလှန်သည့် ဒီမိုကရေစီတိုက်ပွဲမှာ ရှေ့ဆက်ချီတက်နေဆဲ ဖြစ်သည်ကို သတိရရန် အရေးကြီးပါသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တခဲနက် အနိုင်ရခဲ့သည့် ၂၀၂၀ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲအပြီး သိပ်မကြာမီ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူလိုက်သည်။
စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အတိုက်အခံပါတီသည် ရွေးကောက်ပွဲ၌ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။
ဒီမိုကရေစီ ကစားဝိုင်းတွင် ကျရှုံးခဲ့ပြီးနောက် တပ်မတော်ဟု ခေါ်ဆိုသည့် လက်နက်ကိုင် စစ်တပ်သည် ၎င်းတို့ လာရာလမ်းဟောင်းအတိုင်း နောက်ကြောင်း ပြန်လှည့်သွားတော့သည်။
ရွေးကောက်ပွဲ၌ မဲမသမာမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ အပေါင်းအပါများက စွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား NLD ခေါင်းဆောင်များကို ဖမ်းဆီးကာ တစ်နှစ်တာ အရေးပေါ်ကာလ ပြီးဆုံးလျှင် ရွေးကောက်ပွဲအသစ် ကျင်းပမည်ဟု ကြေညာခဲ့သည်။
လျှော့တွက်ခဲ့သည့် ခုခံစစ်
~~~~~~
ရုရှားသမ္မတ ပူတင်သည် ယူကရိန်းအား ကျူးကျော်ချိန် ကြုံတွေ့လာမည့် ခုခံမှု အတိုင်းအတာအား လျှော့တွက်ခဲ့သလိုပင် မြန်မာနိုင်ငံတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခုခံစစ်အား လျှော့တွက်ခဲ့သည်။
သူသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စမ်းသပ်ကာလအား လွယ်လွယ်အဆုံးသတ်နိုင်ပြီးပါက မြန်မာပြည်သူတို့နှင့် ပြင်ပကမ္ဘာသည် စစ်တပ်၏ လမ်းစဉ်သစ်ကို လွယ်လွယ်ပင် လက်ခံလာလိမ့်မည်ဟု ထင်ကောင်း ထင်ခဲ့နိုင်ပါသည်။
သို့သော် ဝေးလံခေါင်သီသော ကုန်းတွင်းပိုင်းမြို့တော် နေပြည်တော်၌ နေထိုင်သည့် စစ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်ကို မျက်ခြေပြတ်နေခဲ့သည်မှာ ထင်ရှားလှသည်။
အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ လမ်းမများထက်၌ ဆန္ဒပြကြွေးကြော်သံများ သောသောညံစေခဲ့ကာ ယင်း၏ နောက်ဆက်တွဲတွင် ဆန္ဒပြသူ ရာပေါင်းများစွာ အသတ်ခံခဲ့ရသလို ထောင်ပေါင်းများစွာသည်လည်း ဖမ်းဆီးခံခဲ့ရသည်။
စစ်တပ်သည် ဆန့်ကျင်တော်လှန်သူများအား ၎င်းတို့ လက်လှမ်းမီ တည်ရှိသည့် နေရာများတွင် ချေမှုန်းခဲ့သည်။
သို့သော် ထိုနေရာ၌ပင် စစ်တပ်၏ ခြိမ်းခြောက်မှုများ ရှိနေလင့်ကစား ပြည်သူလူထုသည် စျေးဆိုင်များပိတ်ခြင်း သို့မဟုတ် အလုပ်မသွားဘဲနေခြင်း အပါအဝင် အသံတိတ် ဆန္ဒပြမှုများကို မကြာခဏ ဆင်နွှဲနေဆဲဖြစ်သည်။
ကုလသမဂ္ဂနှင့် အခြား စောင့်ကြည့်လေ့လာသူများ၏ အစီရင်ခံစာအရ တိုင်းရင်းသားလူနည်းစု ဒေသများတွင် ဖြစ်ပွားသည့် သမာရိုးကျ ပဋိပက္ခများကို ကျော်လွန်၍ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများ၌ မကြုံစဖူး ထူးကဲလောက်အောင်ပင် အကြမ်းဖက်မှုများ မြင့်မားလျက်ရှိသည်။
စစ်အစိုးရ၏ အတိုက်အခံများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပြီး ပြောင်ပြောင်တင်းတင်း လက်နက်စွဲကိုင် တော်လှန်ကြရန် ပြည်သူလူထုအား တိုက်တွန်းခဲ့သလို အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆန့်ကျင် ဆန္ဒပြမှုများလည်း ဆက်လုပ်ရန် ဆော်သြောခဲ့သည်။
ကျယ်ကျယ်ပြန့်ပြန့် ထွက်လာသည့် ဗုံးခွဲမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ရွာလုံးကျွတ် မီးရှို့မှုနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းများနှင့်အတူ စစ်တပ်သည် ခုခံတော်လှန်သူများအပေါ် ဆတိုး ဖိနှိပ်လျက်ရှိသည်။
အရွယ်ရောက်ပြီးသော ဆန္ဒပြသူများ၏ မိဘများသည် ၎င်းတို့၏ အိုးအိမ်စည်းစိမ်အား စစ်တပ်က သိမ်းယူမည့် အန္တရာယ်မှ ကာကွယ်ရန်အတွက် ၎င်းတို့၏ သားသမီးများအား အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်များကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ရသည်။
နိုင်ငံတကာ၏ ဖယ်ကျဉ်မှု
~~~~~~
ပြင်ပကမ္ဘာတွင်မူ စစ်အစိုးရသည် ပစ်ပယ်ခံထားရသည်။ ကုလသမဂ္ဂနှင့် အာဆီယံတို့ အပါအဝင် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများသည် စစ်ကောင်စီအစိုးရအား အသိအမှတ်ပြုရန် ငြင်းဆိုထားသည်။
တရုတ်ကဲ့သို့ အသိအမှတ်ပြုသည့် နိုင်ငံများကလည်း လက်တွေ့အားဖြင့် အလုပ်ဖြစ်ရန်သာ အသိအမှတ်ပြုမှုမျိုး ဖြစ်သည်။
ရုရှားသည် အဓိကထောက်ခံသူနှင့် လက်နက်ခဲယမ်း ထောက်ပံ့သူဖြစ်ခဲ့သော်လည်း လက်ရှိ ယူကရိန်း အရေးကြောင့် ရုရှားက မြန်မာသို့ လက်နက်ခဲယမ်း ဆက်လက်ထောက်ပံ့ရေးမှာ မသေချာ မရေရာသည့် အဖြစ်သို့ ဆိုက်နေသည်။
အနောက်နိုင်ငံအစိုးရများသည် မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်လုပ်ဆောင်လာသလို နိုင်ငံတကာ ကုမ္ပဏီကြီးများသည်လည်း မြန်မာနိုင်ငံအား ကျောခိုင်း ထွက်ခွာနေလျက်ရှိသည်။
NUG သည် နိုင်ငံတကာ၏ စာနာမှုကို ရရှိပြီး ပြည်ပရောက် မြန်မာများနှင့် ဒီမိုကရေစီ လိုလားသော အဖွဲ့များထံမှ ပံ့ပိုးကူညီမှုများ ရရှိနေသော်လည်း နိုင်ငံတကာက တရားဝင် အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုမှု ကင်းမဲ့နေဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ အနာဂတ်ကို ဖက်ဒရယ်စနစ်ဖြင့် တည်ဆောက်ရန်၊ လူ့အခွင့်အရေး အပြည့်အဝ ရှိစေရန်နှင့် ကာလရှည်ကြာ ပစ်မှတ်ထား ခွဲခြားဖိနှိပ်ခံခဲ့ရသည့် ရိုဟင်ဂျာများ အပါအဝင် လူနည်းစုများ၏ ပါဝင်မှုအား NUG က ကတိပြုထားသည်။
ကြီးထွားလာသည့် မတိုးသာမဆုတ်သာ အခြေအနေ
အာဏာသိမ်းပြီး ဆယ့်သုံးလအကြာတွင် ပိုမိုပြင်းထန်လာသည့် အကြမ်းဖက် ပဋိပက္ခများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ထိန်းချုပ်နိုင်ရေး ခက်ခဲနေသလို အကျပ်အတည်းမှ လွတ်မြောက်နိုင်မည့် ထွက်ပေါက်ကိုလည်း မတွေ့ရသေးပေ။
နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးရေးနှင့် အပေးအယူလုပ်ရန် အာသီသ မရှိကြ။
စစ်ကောင်စီသည် ‘NLD ပါတီနှင့် ၎င်းပါတီအား ထောက်ခံသူ အစွန်းရောက် အကြမ်းဖက်သမားများ’ ဟု သုံးနှုန်း ကြေညာလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှ အပြီးသတ် ဖယ်ထုတ်နိုင်ရေး လုပ်ဇာတ် ဆင်ထားသည့် စွဲချက်အမျိုးမျိုးဖြင့် ပြစ်ဒဏ်များချမှတ်လျက်ရှိသည်။
ကတိပြုထားသည့် ရွေးကောက်ပွဲများမှာ နောက်သို့ ထပ်မံရွှေ့ဆိုင်းသွားသလို ရွေးကောက်ပွဲ အမှန်တကယ် ကျင်းပလိမ့်မည်ဟု ယုံကြည်သူမှာ အနည်းငယ်သာရှိသည်။
ရွေးကောက်ပွဲ ကျင်းပခဲ့လျှင်ပင် တရားမျှတမှု မရှိနိုင်ဟု တွက်ထားကြသည်။
တချိန်တည်းတွင် NUG သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းပြီး နိုင်ငံရေး အကျဉ်းသားအားလုံး မလွတ်မြောက်မချင်း တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုထားသည်။
စစ်တပ်သည် တွေ့ဆုံဆွေးနွေးရေးကို အချိန်ဆွဲရန် နည်းဗျူဟာမြောက် အသုံးချခဲ့သည့် သမိုင်းကြောင်းကြောင့်လည်း ဖြစ်သည်။
NUG နှင့် ၎င်း၏ ဆက်စပ်သူများသည် စစ်တပ်နှင့် အပေးအယူလုပ်ရန်မှာ မဖြစ်နိုင်ဟု ငြင်းဆန်ထားပြီး ၎င်းတို့၏ အမြင်၌ ပြည်သူလူထုသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ သူတို့၏ ဆန္ဒအား တရားဝင် ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။
လက်ရှိအခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသော်လည်း စစ်တပ်၏ နောက်ကြောင်းပြန်ရေး ကြိုးပမ်းအားထုတ်မှုမှာမူ ကျရှုံးသွားမည်မှာ အသေအချာ ဖြစ်သည်။
အကြောင်းအရင်းတစ်ချက်မှာ အစောပိုင်းကာလ အာဏာသိမ်းမှုဖြစ်စဉ်များ၊ ဖြိုခွဲမှုများနှင့် မတူဘဲ လက်ရှိတွင် ပြည်သူလူထုသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အခြားရွေးချယ်စရာ အနာဂတ်ကို သိမြင်ခံစားခဲ့ရသောကြောင့် ဖြစ်သည်။
အာဏာသိမ်းမှု မတိုင်မီတွင် ပြည်ပမှ ပိတ်ဆို့အရေးယူမှုများကို လျှော့ချခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ တိုးမြင့်လာခြင်း၊ အကူအညီများနှင့် ပညာသင်ဆုများ တိုးမြင့်လာကာ ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ပြည်သူလူထုက စိတ်လိုလက်ရ ပါဝင်ခဲ့ကြသည်။
East-West Center ကဲ့သို့သော အင်စတီကျူးရှင်းများသည် နိုင်ငံအတွင်း ပြည်သူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ချဲ့ထွင်ပေးခဲ့သည်။
ဥပမာအားဖြင့် ၂၀၁၄ ခုနှစ်တွင် ၎င်း၏ နှစ်ပတ်လည် နိုင်ငံတကာ မီဒီယာညီလာခံအား ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး ဂျာနယ်လစ် ရာပေါင်းများစွာကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်ကာ လွတ်လပ်သည့်မီဒီယာ၏ တန်ဖိုးကို လက်တွေ့ပြသခဲ့သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ပဋိပက္ခများနှင့်အတူ ဆင်းရဲတွင်းသည်လည်း နက်သည်ထက် နက်လာသည်။
အာဏာသိမ်းမှုနှင့် ကပ်ရောဂါ နှစ်ခုလုံး၏ အကျိုးဆက်အနေဖြင့် အလုပ်အကိုင် ၁ ဒသမ ၆ သန်းခန့် ဆုံးရှုံးခဲ့သလို ယမန်နှစ်တွင် နိုင်ငံ၏ GDP မှာလည်း ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
နိုင်ငံ၏ငွေကြေးသည် စက်တင်ဘာလနောက်ပိုင်းတွင် ၆၀ ရာခိုင်နှုန်း တန်ဖိုးလျော့ကျခဲ့သည်။
ဆရာဝန်၊ သူနာပြု စသည့် ကျန်းမာရေးဝန်ထမ်းအများအပြား အလုပ်ထွက်ခြင်း၊ ဖမ်းဆီးခံရခြင်း သို့မဟုတ် ထွက်ပြေးသွားခြင်းကြောင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည်လည်း အကျပ်အတည်းဆိုက်နေသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် အကြမ်းဖက်မှုများ ပိုမိုနက်ရှိုင်းလာခြင်းကြောင့် နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ IRC က မြန်မာနိုင်ငံအား “အရေးပေါ်စောင့်ကြည့်စာရင်း” တွင် ထည့်သွင်းထားသည်။
မြန်မာနိုင်ငံ၏ အနာဂတ်ကို မြန်မာပြည်သူပြည်သားများက အဆုံးအဖြတ်ပေးမည်ဖြစ်သော်လည်း ပြင်ပကမ္ဘာ အနေဖြင့် မြန်မာ့ ဒီမိုကရေစီတိုက်ပွဲအား မမေ့လျော့သင့်သလို မြန်မာပြည်သူတို့အတွက် နှုတ်ဆိတ်မနေသင့်ပါ။
ကျွန်ုပ်တို့အနေနှင့် မြန်မာပြည်သူတို့၏ ဆန္ဒနှင့် တစ်သားတည်းရှိကြောင်း ဆက်လက် ပြသသင့်သလို ၎င်းတို့ လျှောက်လှမ်းနေသည့် ပျက်သုဉ်းရေး လမ်းကြောင်းမှ နောက်ပြန်လှည့်ရန် စစ်ခေါင်းဆောင်များကို တိုက်တွန်း တောင်းဆိုသင့်ပါသည်။
(ဆောင်းပါးရှင် Miemie Winn Byrd နှင့် Karen Knudsen တို့သည် East-West Center ၏ တွဲဖက်ပညာသည်များဖြစ်ပြီး Charles E. Morrison သည် East-West Center ပြင်ပရေးရာဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။)
ကိုးကား – East-West Center
