လုပ်သားရှားပါးမှုနဲ့ မလုံခြုံမှုကြောင့် ပုလောက ရှပ်လုပ်ငန်းတချို့ရပ်နား

လုပ်သားရှားပါးမှုနဲ့ မလုံခြုံမှုကြောင့် ပုလောက ရှပ်လုပ်ငန်းတချို့ရပ်နား

ပုံစာ - ဘုတ်ပြင်းမြို့နယ်က သဘာဝဂျင်းခရုကုန်းတစ်ခု။(ပုံဟောင်း)

လုပ်သားရှားပါးလာတာနဲ့ နယ်မြေမလုံခြုံမှုတွေကြောင့် ပုလောမြို့နယ်က ရှပ်လုပ်ငန်းတချို့ရပ်နားထားရတယ်လို့ ရှပ်လုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

စစ်မှုထမ်းဥပဒေထွက်ပြီးနောက်မှာ လူငယ်တွေကို စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သားစုဆောင်းတာကြောင့် လူငယ်အမျိုးသားအများစု ပြည်ပကိုထွက်ခွာနေကြတဲ့အတွက် လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်နေရတာလို့ ရှပ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

အဲဒီအတွက် အလုပ်သမားခေါ်ရခက်ခဲလာပြီး လုပ်အားခလည်း ဈေးကြီးပေးငှားလာရတယ်လို့ ရှပ်လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

အရင်နှစ်နှစ်ကုန်ပိုင်းအထိ လုပ်သားတစ်ယောက်ကို တစ်နေ့လုပ်အားခ ၁၅,၀၀၀ ကျပ်နဲ့ငှားရာကနေ လက်ရှိမှာ ၂၃,၀၀၀ ကျပ်ဝန်းကျင်အထိပေးငှားလာရတာလို့ သိရပါတယ်။

“အလုပ်သမားခေါ်ရမှာ အရမ်းဂရုစိုက်နေရတယ်။ အရင်ကဆို လူငယ်တွေပဲခေါ်တာ အခုဆို အသက်ကြီးပိုင်းတွေ ခေါ်ပြီးလုပ်နေရတာဆိုတော့ အဆင်မပြေမှုတွေအများကြီးပေါ့။” လို့ ရှပ်လုပ်ငန်းလုပ်သက် ၁၅ နှစ်လောက်ရှိတဲ့ လုပ်ငန်းရှင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ခေါ်လို့ရတဲ့အလုပ်သမားတွေဟာလည်း လုံခြုံရေးအခြေအနေအရ နေရာရွေးတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ထိခိုက်၊ ဆုံးရှုံးမှုတွေအများကြီးရှိနေတယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။

ဒါ့အပြင် မြို့နယ်တွင်းတိုက်ပွဲတွေကြောင့် ပင်လယ်ပြင်မှာစစ်သင်္ဘောတွေရှိတဲ့အချိန်ဆိုရင် အဖမ်းခံရမှာစိုးတဲ့အတွက် သဲသောင်ပြင်မှာ ရှပ်ကောက်ဖို့မသွားရဲသလို ပင်လယ်ပြင်ကိုလည်း မထွက်ရဲဘူးလို့ ရှပ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ပုလောက ရှပ်လုပ်ငန်းလုပ်ကိုင်သူတွေဟာ သဲပြင်မှာကောက်တာ၊ အောက်ဆီဂျင်အိုးတွေသုံးပြီးရှပ်ငုပ်တာ၊ လှေနဲ့ပင်လယ်မှာ ပိုက်နဲ့ဆွဲဖမ်းတာလည်းရှိပါတယ်။ ရှပ်ဆွဲလှေတစ်စီးမှာဆိုရင် လုပ်သား လေးဦးဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

လုပ်သားရှားပါးမှုနဲ့ လုံခြုံရေးအဆင်မပြေမှုတွေကြောင့် ရှပ်လုပ်ငန်းတတချို့ဆိုရင်ရပ်နားထားလိုက်ပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

“ရပ်ကွက်တစ်ခုမှာ လှေဆယ်စီးလောက်ရှိရင် လေးစီးလောက်ကနားလိုက်ကြပြီ။ ရှိတဲ့လှေတွေကလည်း အဆင်ပြေတဲ့အချိန်ကျမှဆွဲကြတာ။ ပုံမှန်မဆွဲကြတော့ဘူး။“ လို့ အသက် ၃၀ ဝန်းကျင်အရွယ် ပုလောမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

အဲဒီအပြင် ဒီဇယ်ဆီဈေးကလည်း တစ်လီတာကို ၂၀၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်ဝန်းကျင်အထိ တဖြည်းဖြည်းဈေးတက်လာတဲ့အတွက် စရိတ်ကုန်ကျများလာတယ်လို့ ရှပ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

လုပ်ငန်းတချို့ရပ်နားလိုက်ရပြီး ရှိတဲ့လုပ်ငန်းတွေကလည်း ပုံမှန်မလည်ပတ်နိုင်တဲ့အတွက် ပုလောမြို့ရဲ့ရှပ်ဈေးကွက်မှာ ရောင်းအားနည်းပြီး ဝယ်လိုအားများလာတယ်လို့ ရှပ်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

ဝယ်လိုအားများလာတဲ့အတွက် ပြီးခဲ့တဲ့လက ၂၅,၀၀၀ ကျပ်ရှိခဲ့တဲ့ ရှပ် ၁၀ ပြည်ဆံ့ ပါကင်ခြင်းတစ်ခြင်းကို လက်ရှိမှာ ၃၀,၀၀၀ ကျပ်အထိ ဈေးတက်လာတယ်လို့ ရှပ်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

ပုလောမြို့ကထွက်တဲ့ရှပ်တွေကို မြို့နယ်အတွင်း အဓိကစားသုံးကြပြီး ရန်ကုန်ဘက်ကို တင်ပို့တာလည်းရှိတယ်လို့ ရှပ်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။

The Tanintharyi Times