ကော့သောင်းကတိုက်ပွဲတွေကြောင့် ထိုင်းဘက်က လုံခြုံရေးအစီအစဉ်တွေ တိုးမြှင့်ပြီး စောင့်ကြည့်နေ

ကော့သောင်းကတိုက်ပွဲတွေကြောင့် ထိုင်းဘက်က လုံခြုံရေးအစီအစဉ်တွေ တိုးမြှင့်ပြီး စောင့်ကြည့်နေ

ပုံစာ - ထိုင်းနယ်စပ်က လုံခြုံရေးတိုးမြှင့်ကာ စောင့်ကြည့်နေ

ထိုင်း – မြန်မာ နယ်စပ်ရှိ ရှမ်းကိုးရွာဒေသက ဝိုင်ဒင်းကျေးရွာမှာ မနေ့က ဖြစ်တဲ့တိုက်ပွဲကြောင့် ထိုင်းဘက်က နယ်စပ်ဂိတ်တွေမှာ လုံခြုံရေးအင်အားတိုးမြှင့်ထားပြီး ၂၄ နာရီစောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ဆိုင်ကယ်တွေကို ဘောက်ဖွင့်ပြီး စစ်ဆေးတာတွေ လုပ်နေသလို ဂိတ်တွေမှာ လက်နက်အပြည့်ကိုင်ဆောင်ပြီး စောင့်ကြည့်နေတဲ ထိုင်းတွေကိုလည်း သတင်းဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။

ထိုင်းနိုင်ငံထဲကို လက်နက်ကိုင်ဆောင်ဝင်ရောက်လာတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို တိုက်ခိုက်ဖို့အတွက် နယ်စပ်ဂိတ်တွေကို ဖွင့်လှစ်ပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့လည်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ရှမ်းကိုးရွာဒေသကနေ ထိုင်းဘက်ခြမ်းကို စစ်ရှောင်ပြေးတဲ့ ဘုန်းကြီး၊ မိန်းမနဲ့ ကလေးငယ်တွေ ၁၃၆ ဦးအထိ ရှိလာပါပြီ။

စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအဖြစ် ယာယီနေထိုင်ဖို့ ရွက်ဖျင်တဲအပါအဝင် အစားအစာတွေနဲ့ ဆေးဝါးတွေကိုတော့ ထိုင်းအစိုးရဘက်က ထောက်ပံ့ပေးထားတယ်လို့ ထိုင်းသတင်းတွေက ရေးသားထားပါတယ်။

ဝိုင်ဒင်း၊ ပါကလပ်၊ တပ်ဦးမြိုင်သာယာစတဲ့ ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေစိုးမိုးထားပြီးနောက် ဒီလ ၂၁ရက်နေ့က စပြီး စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲဖြစ်ပွါးနေတာပဲဖြစ်ပါတယ်။

The Tanintharyi Times