လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ကို တရားစွဲဆိုထားတဲ့ အမှု ချင်းမိုင်ဒေသခံတွေ အနိုင်ရ
လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ကို တရားစွဲဆိုထားတဲ့ အမှု ချင်းမိုင်ဒေသခံတွေ အနိုင်ရ

■ ချင်းမိုင်ခရိုင် တရားရုံးက ဝန်ကြီးချုပ်နဲ့ အမျိူးသားသဘာဝပတ်ဝန်းကျင်ဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့( National Environment Board -NEB )တို့ကို ဒေသတွင်း လေထုညစ်ညမ်းမှုပြဿနာတွေ ဖြေရှင်းရေး စီမံခန့်ခွဲမှု အရေးပေါ် အစီအစဥ်တစ်ခု ရက် (၉၀)အတွင်း ရေးဆွဲတင်ပြဖို့ အမိန့်ချ
ထိုင်းနိုင်ငံမြောက်ပိုင်း ကဒေသတွေမှာ ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ကို တရားစွဲဆိုထားတဲ့ အမှုမှာ ချင်းမိုင်ဒေသခံတွေ အနိုင်ရရှိခဲ့တယ်လို့ ထိုင်း သတင်းဌာန Prachatai ကဖော်ပြထားပါတယ်။
ချင်းမိုင်မြို့ခံတွေ ၂၀၂၃ ဧပြီလက တရားစွဲဆိုထားတဲ့ အမှုကို ချင်းမိုင်ခရိုင် တရားရုံးက ၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်နေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့ပါတယ်။
တရားရုံးက ထိုင်းနိုင်ငံမြောက်ပိုင်းနယ်တွေမှာ လေထုညစ်ညမ်းမှု ပြဿနာကို ထိရောက်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ ဝန်ကြီးချုပ်နဲ့ အမျိုးသား သဘာဝပတ်ဝန်းကျင် ဘုတ်အဖွဲ့တို့ကို ဒေသတွင်းအရေးတကြီး ပြဿနာကို အချိန်မီ ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်လို့တရားရုံးကဆိုပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်တွေဟာ လေထုညစ်ညမ်းမှုပြဿနာကို နှစ်စဥ် ဒီဇင်ဘာလကနေ ဧပြီလ အထိ အချိန်မှန် တွေ့ကြုံခံစားနေရတာ ဖြစ်ပါတယ်။
တရားစွဲဆိုမှုမှာ ဒေသခံတွေ အနိုင်ရရှိခဲ့ပြီး တရာရုံးက အမျိုးသား သဘာဝပတ်ဝန်းကျင် အရည်အသွေး မြှင့်တင်ရေးနဲ့ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၉ (Enhancement and Conservation of National Environment Quality Act) အရ တရားခံတွေအနေနဲ့ သူတို့ရဲ့ အခွင့်အာဏာကို ထိထိရောက်ရောက် အသုံးပြုကာ အရေးပေါ် အစီအစဥ်တစ်ခုကို ရက် ၉၀ အတွင်း အမြန်ဆုံး ပြင်ဆင်ဖို့ အမိန့်ချလိုက်ပါတယ်။
အဆိုပါ အရေးပေါ် အစီအစဥ်ဟာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်ခြင်းကို ကြိုတင် ကာကွယ်ရေးနဲ့ သက်ရောက်လာမယ့် အကျိုးဆက်တွေကို လျော့ပါးသက်သာစေရေး ရေရှည်တည်တံ့တဲ့ အရေးပေါ်အစီအမံ အပြည့်အစုံကို သတ်မှတ်ရက်အတွင်း ရေးဆွဲတင်ပြ ရမှာဖြစ်ပါတယ်။
နှစ်စဥ်ဖြစ်ပေါ်နေကျ လေထုညစ်ညမ်းမှုပြဿနာကို ထိထိရောက်ရောက်မကိုင်တွယ်နိုင်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေနဲ့ ချင်းမိုင်ဒေသခံတွေ ပူးပေါင်းကာ လူတန်းစားအရေးဆိုင်ရာ တရားစွဲဆိုမှုတစ်ခုကို ၂၀၂၃ ခုနှစ် ဧပြီလက လုပ်ဆောင်ခဲ့ကြပါတယ်။
သူတို့က ဝန်ကြီးချုပ် ဗိုလ်ချုပ်ပရာယွတ်ချန်အိုချာ၊ National Environment Board (NEB) ၊ Securities and Exchange Commission (SEC)၊ Capital Market Supervisory Board (CMSB) တို့ကို ထိုင်းနိုင်ငံမြောက်ပိုင်းက လေထုညစ်ညမ်းမှု ပြဿနာကို ထိရောက်အောင် မဖြေရှင်းပေးမှုနဲ့ တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၄ ဇန်နဝါရီလမှာတော့ ဒေသခံတွေ တရားနိုင်ခဲ့ပြီး ဝန်ကြီးချုပ်အနေနဲ့ အမျိုးသားပတ်ဝန်းကျင် အရည်အသွေး မြှင့်တင်ရေးနှင့် ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၉ အရ လေထုညစ်ညမ်းမှုပြဿနာကို ထိရောက်တဲ့ နည်းနဲ့ ဖြေရှင်းဖို့ အမိန့်ချမှတ်ခံရပါတယ်။
ပြဿနာက ပြင်းထန်နေသေးတာကြောင့် NEB အနေနဲ့ ၂၀၁၉ ခုနှစ်မှာ ကြေညာထားတဲ့ လေထုညစ်ညမ်းမှုဆိုင်ရာ တစ်နိုင်ငံလုံးအတိုင်းအတာ စီမံချက်ကို လိုက်နာဖို့ တရားလိုတွေက တောင်းဆိုခဲ့ပါတယ်။
ချင်းမိုင်တက္ကသိုလ် ဥပဒေဌာနမှ ကထိကဖြစ်သူ ဆွန်ချိုင်း ပရီချာဆစ်ပါကူက အဆိုပါတရားစွဲဆိုမှုက ဝန်ကြီးချုပ် ပရာယွတ် တစ်ဦးတည်းကို ရည်ညွှန်းတာမဟုတ်ဘဲ ဝန်ကြီးချုပ်နေရာမှာ လုပ်ကိုင်နေတဲ့ မည်သူကို မဆို ရည်ရွယ်တာဖြစ်ကြောင်း ၂၀၂၃ ခုနှစ် မေလ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
SEC နဲ့ CMSB တို့ကို တော့ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ တာဝန်ဝတ္တရားတွေကို 56-1 One Report form အတိုင်း စီးပွားရေးလုပ်ငန်းတွေကို မဖြစ်မနေတင်ပြဖို့ တောင်းဆိုရန် ပျက်ကွက်မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံမှာပါ လေထုညစ်ညမ်းမှုပြဿနာရဲ့ အရင်းခံအကြောင်းရင်းတွေကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ တရားရုံးက ဒီပြဿနာမှာ အုပ်ချုပ်ရေးပိုင်းမှာသာ တာဝန်ရှိပြီး အေဂျင်စီတွေမှာ တိုက်ရိုက်တာဝန်မရှိတာကြောင့် SEC နဲ့ CMSB တို့ကို တရားစွဲဆိုချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ပယ်ချခဲ့ပါတယ်။
အခုလို ပယ်ချခံရပေမဲ့ တရားလို ရှေ့နေ Kornkanok Wattanaphum က “ထိုင်းမြောက်ပိုင်း လေထုညစ်ညမ်းမှု ပြဿနာဟာ ဥပေဒေ ထုတ်ပြန်မှု တစ်ခုတည်းနဲ့ ဖြေရှင်းနိုင်မယ့် ပြဿနာမဟုတ်တာကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ SEC နဲ့ CMSB တို့ကို တရားစွဲဆိုရခြင်းဟာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နဲ့ စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးတွေကလည်း နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုအောက်မှာ ပါဝင်နေတာ ဖြစ်ကြောင်း” ရှင်းပြပါတယ်။
တရားလိုတွေအနေနဲ့ SEC၊ CMSB တို့ဟာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများဆိုင်ရာကိစ္စရပ်တွေမှာ ကုမ္ပဏီတွေရဲ့ သတင်းအချက်အလက် ထုတ်ပြန်ခြင်းနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိမရှိ စောင့်ကြည့်ထိန်းသိမ်းရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်နေတယ်လို့ ယုံကြည်ထားပါတယ်။
Connect Burma
Ref. Prachatai
The Tanintharyi Times