ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦး တာ့က်ခရိုင်၊ ဝမ်ကျောက်မြို့နယ်မှာ မနေ့ညက ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသမီး ၇ဦး နဲ့ အမျိုးသား၆ ဦးပါဝင်ပြီး ထိုင်းနိုင်ငံသား ယာဥ်မောင်းဖြစ်သူလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

တာ့က်ခရိုင်မှတာဝန်ရှိသူတွေ တရားမဝင် ဝင်ရောက်လာသူတွေရှိကြောင်း သတင်းရတာကြောင့် ဝမ်ကျောက်မြို့နယ်၊ နာဘိုကျေးရွာအုပ်စုအနီးမှာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီလိုစစ်ဆေးနေချိန် မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို စစ်ဆေးဖို့ရပ်နားခိုင်းရာ မရပ်ဘဲမောင်းနှင်ထွက်ပြေးလို့လိုက်လံဖမ်းဆီးကြချိန် အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ဝင်ရောက်လာတာဖြစ်ပြီး တစ်ဦးကို ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၂၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးချေခဲ့ရတယ်လို့လည်းသိရပါတယ်။

ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းနဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ပြီး ဥပဒေအရအရေးယူသွားမယ်လို့လည်း အာဏာပိုင်တွေဘက်ကဆိုထားပါတယ်။

လွန်ခဲ့တဲ့သုံးရက်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လမ်းမကြီးအနီးမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား၈ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖမ်းဆီးခံခဲ့ရပါသေးတယ်။

အခုလ ၁၇ ရက်နေ့မှာ MoU စနစ်နဲ့ ပြည်ပကို တရားဝင် သွားရောက် လုပ်ကိုင်မယ့် ရွှေ့ပြောင်း လုပ်သားတွေကိုပါ ပတ်စ်ပို့ လုပ်ပေးမှု ရပ်ဆိုင်းလိုက်တာကြောင့် နယ်စပ်ကနေ တရားမဝင် သွားရောက်မှု ပိုတိုးလာနိုင်တယ်လို့လည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတွေကဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၄၆၄၀၀ ကျော်ရှိခဲ့တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဆီကနေ သိရပါတယ်။

ကိုးကား – MGR Online

The Tanintharyi Times