“လောင်းကစားဝိုင်းတွေမှာ ပါဝင်တာက စစ်တပ်နဲ့ ပျူတွေကို ထောက်ပံ့ပေးနေတာနဲ့ အတူတူပဲ” 

“လောင်းကစားဝိုင်းတွေမှာ ပါဝင်တာက စစ်တပ်နဲ့ ပျူတွေကို ထောက်ပံ့ပေးနေတာနဲ့ အတူတူပဲ” 

▪️ လောင်းကစားဝိုင်းတွေနဲ့ ဒေသခံတွေရဲ့အသံ

အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီလက်ဝေခံ ပျူစောထီးတွေနဲ့  ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ရွာတွေထဲမှာ လောင်းကစားဝိုင်းတွေကို ပုံစံအမျိုးမျိုးနဲ့ ဦးဆောင်ပြုလုပ်လာသလို၊ လုပ်ခွင့်ပြုလာတာတွေလည်း ရှိနေပါတယ်။ တနင်္သာရီတိုင်းထဲမှာလည်း ဘာသာရေးပွဲ၊ နတ်ပွဲ၊ ရိုးရာကန်တော့ပွဲတွေအပြင် စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေပွဲ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ လောင်းကစားဝိုင်းတွေ လုပ်လာကြပါတယ်။

ဒါ့အပြင် မြိတ်မြို့ပေါ်မှာဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ အသုဘအိမ်တွေက ဖဲဝိုင်းပါမကျန် ဝိုင်းကြေးကောက်ခံတာတွေပါ ရှိလာတာပါ။ အခုလိုမျိုး စစ်ကောင်စီက ပေါ်ပေါ်ထင်ထင်ခွင့်ပြုလာတဲ့ လောင်းကစားဝိုင်းတွေကြောင့် ဒေသခံတွေရဲ့ နေ့စဥ်ဘဝမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေပြီလဲ။ တနင်္သာရီတိုင်းမ်ကနေ မေးမြန်းပြီး တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

ရေဖြူမြို့နယ် ဒေသခံအမျိုးသားတစ်ဦး

မေး – အခုနောက်ပိုင်း ပျူစောထီးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့ရဲ့ ရန်ပုံငွေအတွက် လောင်းကစားဝိုင်းတွေကို ပိုပြီးလုပ်လာတာရှိတယ်။ ပတ်ဝန်းကျင်မှာရော ဒီလိုမျိုး လောင်းကစားဝိုင်းတွေ ဘယ်လောက်များများတွေ့လာရလဲ။

ဖြေ – လောင်းကစားဝိုင်းတွေကတော့ ခဏခဏပဲတွေ့ရတယ်။အဓိကကတော့ ဖဲဝိုင်းတွေပဲ။ အရက်ဆိုင်တွေ၊ ခြံတွေထဲမှာ တွေ့ရတာ။ ဒါကလည်း ခုနက ပျူစောထီးတွေငွေရှာတာကလည်း တပိုင်းပေါ့။ နောက်တစ်ခုက အခုအားလုံးက အလုပ်လက်မဲ့ ဘယ်မှလည်း သွားလာလို့မရတော့ ရွာမှာပဲနေပြီး စိတ်ပြေလက်ပျောက်ပုံစံမျိုးကစားနေကြတာလည်းတွေ့လာရတယ်။

မေး – ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ရွာမှာ အဲ့လိုကစားဝိုင်းတွေနဲ့ပတ်သက်လို့ ဘာတွေကြားမိလဲ။

ဖြေ – ဆော့တဲ့သူတွေကတော့ စိတ်ပြေလက်ပျောက်ဆော့တာ ဘာမှမဖြစ်ဘူးပေါ့။ pdf တွေလည်း  ကစားဝိုင်းကြီးကြီးမားမားမဟုတ်တော့ ဒီတိုင်းလွှတ်ပေးထားတာဖြစ်မယ်။ ပွဲမှာရန်ဖြစ်တာ ထိုးကြိတ်တာရှိလာရင်တော့ pdf တွေဆီရောက်တယ်။

မေး – ဘယ်လိုမျိုး လောင်းကစားဝိုင်းပုံစံတွေကို တွေ့လာရလဲ။ဘယ်လိုလောင်းကစားတွေ အတွေ့ရများလာလဲ။

ဖြေ – လူလေးငါးယောက်စုရိုက်တာ ရှိတယ်။ ၁၀ ယောက်ထက်တော့မပိုကြဘူး။ အဓိကကတော့ ဖဲပဲရိုက်တယ်။ တခါတလေကြက်တိုက်ပွဲတွေလည်း တွေ့ရတယ်။

မေး – လောင်းကစားဝိုင်းတွေက နေ့တိုင်းရှိနေတာလား။ တစ်လမှာဘယ်နှကြိမ်လောက်လုပ်လဲ။ အဲ့လောင်းကစားဝိုင်းတွေမှာပျူတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လိုင်းကြေးဘယ်လိုမျိုးကောက်ယူနေလဲ။

ဖြေ – နေ့တိုင်းတော့မရှိဘူးလေ။ ပုံမှန်ပြောလို့မရဘူး။ အသုဘ၊ နတ်ပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲ ဒီလိုပွဲတွေမှာကတော့ အမြဲရှိတယ်။ကျန်တာက ခြံတွေထဲမှာပဲဆော့ကြတာ။ ပွဲတွေမှာ ကောက်ရင်တစ်ညကို တစ်သိန်း၊ နှစ်သိန်းလောက်တော့ ယူတယ်ပြောတယ်။ တိကျတော့လည်းမသိဘူး။

မေး – အဲ့ဒီလောင်းကစားဝိုင်းတွေက ပတ်ဝန်းကျင်က လူတွေရဲ့ နေ့စဥ်ဘဝတွေမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနေလဲ။

ဖြေ – ဖဲရှုံးတဲ့သူတွေဆို မိသားစုနဲ့ ကတောက်ကဆဖြစ်တာပေါ့။ဖဲရှုံးပြီး အကြွေးတင်တဲ့သူတွေဆို အိမ်ပေါင်ပြီးဆပ်ရာဆပ်၊ ယောက်ျားက ဖဲကျွေးတင်တာကို မိန်းမက ထင်းခွဲ အဝတ်လျှော်ပေးပြီးဆပ်တဲ့သူဆပ်၊ ဖဲရှုံးလို့သတ်သေတယ်ဆိုပြီး သတ်သေ၊ အမျိုးမျိုးပဲပေါ့။ အဆင်ပြေတဲ့သူကျတော့လည်း ကံကောင်းတော့ အဆင်ပြေ။ မပြေတဲ့သူကျတော့လည်း ကုန်းကောက်စရာမရှိလောက်အောင်ကိုဖြစ်တာပေါ့။

မေး – အခုလို လောင်းကစားဝိုင်းတွေများလာတာနဲ့ပတ်သက်လို့ ဘယ်လိုမြင်လဲ။

ဖြေ – စိတ်ထွက်ပေါက်ရှာပြီဆော့တာကတော့ ကိစ္စမရှိဘူး။စီးပွားဖြစ် မဆော့အောင်တော့ ဘေးမှာထိန်းပေးမယ့်သူလိုမျိုးရှိစေချင်တာ။ လုံးဝပပျောက်သွားဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒီတော့ အခြေအနေတွေမဆိုးအောင် သက်ဆိုင်ရာတွေက ထိန်းပေးသင့်တယ်လို့ပြောတာ။

မေး – ဒီလောင်းကစားဝိုင်းတွေကို စစ်ကောင်စီဘက်ကအရေးယူတာမျိုးတွေတွေ့ရလား။ တခြားတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကရော အရေးယူတာမျိုး ရှိနေလား။

ဖြေ – မတွေ့ရဘူး။ pdf တွေကတော့ ဖဲဝိုင်းမှာခေါင်းကွဲပြီးလာတဲ့ ကိစ္စတွေတော့ ရှင်းပေးတယ်။

မေး – တခြားပြောချင်တာရှိသေးရင် ပြောပေးပါ။

ဖြေ – ဆိုင်ရာတွေက ကိုယ်နဲ့ဆိုင်တဲ့အလုပ်ကိုပဲ လုပ်ဖို့ပြောချင်တယ်။ အုပ်ချုပ်ရေးမှူးဆိုရင် အုပ်ချုပ်ရေးမှူးအလုပ်ကို အလုပ်နဲ့တူအောင်လုပ်ကြဖို့ပါ။

တနင်္သာရီမြို့နယ် စစ်ရှောင်အမျိုးသားတစ်ဦး

မေး – အခုနောက်ပိုင်း ပျူစောထီးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့ရဲ့ ရန်ပုံငွေအတွက် လောင်းကစားဝိုင်းတွေကို ပိုပြီးလုပ်လာတာရှိတယ်။ ပတ်ဝန်းကျင်မှာရော ဒီလိုမျိုးလောင်းကစားဝိုင်းတွေ ဘယ်လောက်များများတွေ့လာရလဲ။

ဖြေ – တနင်္သာရီမြို့ပေါ်မှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင်လုပ်လာတာရှိတယ်ဗျ။ မြို့နယ်ထွေအုပ်စာရေးတွေက အကောက်ကောက်ပြီး ဦးဆောင်ပြီးလုပ်နေကြတာဗျ။

မေး – ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ရွာမှာ အဲ့လိုကစားဝိုင်းတွေနဲ့ပတ်သက်လို့ ဘာတွေကြားမိလဲ။

ဖြေ – လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး ပြောကြတာကတော့ နိုင်ငံရေးမကောင်းတဲ့အချိန် စစ်တပ်က ဒါမျိုးတွေထဲလူတွေသာယာအောင်ပိုလုပ်ပေးနေတယ်လို့ ပြောကြတယ်ဗျ။

မေး – ဘယ်လိုမျိုး လောင်းကစားဝိုင်းပုံစံတွေကို တွေ့လာရလဲ။ဘယ်လိုလောင်းကစားတွေ အတွေ့ရများလာလဲ။

ဖြေ – အဓိကက ကြက်ဝိုင်းတွေပိုပေါလာတယ်ဗျ။ ဖဲဝိုင်းတို့၊ လေးကောင်ဂျင်ဝိုင်းတို့ အစုံပဲဗျ။

မေး – လောင်းကစားဝိုင်းတွေက နေ့တိုင်းရှိနေတာလား။ တစ်လမှာဘယ်နှကြိမ်လောက်လုပ်လဲ။ အဲ့လောင်းကစားဝိုင်းတွေမှာပျူတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လိုင်းကြေးဘယ်လိုမျိုးကောက်ယူနေလဲ။

ဖြေ – တပတ်မှာ နှစ်ကြိမ်လောက်က အနည်းဆုံးရှိတယ်။ တစ်လမှာဆို ဆယ်ကြိမ်ထက်မနည်းဘူးဗျ။ အကောက်ကတော့ တစ်သိန်းကို တစ်သောင်းနှုန်းနဲ့ ကောက်တယ်လို့သိရတယ်ဗျ။

မေး – အဲ့ဒီလောင်းကစားဝိုင်းတွေက ပတ်ဝန်းကျင်က လူတွေရဲ့ နေ့စဥ်ဘဝတွေမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲ။

ဖြေ – ကျတော့်နေစဥ်ဘဝကိုတော့ ထိခိုက်မှုမရှိဘူးပေါ့။ တချို့မိသားစုတွေကြတော့ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေကြောင့် ဘဝပျက်သွားကြတာတွေ များလာတယ်ဗျ။ လင်မယားကွဲကြတာလည်းရှိတယ်။

မေး – အခုလို လောင်းကစားဝိုင်းတွေများလာတာနဲ့ပတ်သက်လို့ ဘယ်လိုမြင်လဲ။

ဖြေ – ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီလို လောင်းကစားဝိုင်းတွေမှာ မပါဝင်စေချင်ဘူးပေါ့။ အဲ့လောင်းကစားဝိုင်းတွေမှာ အကောက်ပေးလိုက်တာက စစ်ကောင်စီကို တဖက်တလမ်းက ပြန်ထောက်ပံ့နေတာနဲ့ အတူတူပဲဗျ။

မေး – ဒီလောင်းကစားဝိုင်းတွေကို စစ်ကောင်စီဘက်ကအရေးယူတာမျိုးတွေ တွေ့ရလား။ တခြားတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကရော အရေးယူတာမျိုး ရှိနေလား။

ဖြေ – စစ်တပ်ဘက်ကတော့ သူတို့ကိုယ်တိုင်ခွင့်ပြုထားတာဆိုတော့ ဘာမှ အရေးယူတာမျိုးမရှိဘူး။ တော်လှန်ရေးတပ်တွေရှိတဲ့နေရာတွေမှာတော့ လောင်းကစားဝိုင်းတွေကို မလုပ်ဖို့အမိန့်ထုတ်ထားတာရှိတယ်။

မေး – တခြားပြောချင်တာရှိသေးရင် ပြောပေးပါ။

ဖြေ – လောင်းကစားဝိုင်းတွေမှာ ပါဝင်တာက စစ်တပ်နဲ့ ပျူတွေကို ထောက်ပံ့ပေးနေတာနဲ့ အတူတူပဲမို့ မပါဝင်ကြဖို့ ပြောချင်ပါတယ်။

The Tanintharyi Times