တနင်္သာရီမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လို့ ပြည်သူ ၆ ဦးဒဏ်ရာရ
တနင်္သာရီမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လို့ ပြည်သူ ၆ ဦးဒဏ်ရာရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေအကြောင်းမဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ခလရ (၅၆၁)နဲ့ ဗောဓိကမ်းကျေးရွာက စစ်ကောင်စီတပ်တွေက အနီးအနားကရွာတွေကို မနေ့ကနေ့လည် ၁၁နာရီ လောက်ကစပြီး ညနေ ၆နာရီလောက်အထိ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေခဲ့တာပါ။
“ဘာတိုက်ပွဲမှမဖြစ်ပဲနဲ့ သက်သက်မဲ့ပစ်နေတာပါ။ လက်နက်ကြီးအချက်ရေ ၃၀ ဝန်းကျင်လောက်ရှိမယ်။ တစ်ညနေလုံးပစ်နေတာ။ ရွာသားတွေကတော့ ထွက်ပြေးနေရပြီ” လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
အခုလိုပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းကျေးရွာကဒေသခံ ၄ ဦးနဲ့ ဘန်လောကျေးရွာက ဒေသခံ ၂ ဦး လက်နက်ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၁ ဦးကတော့ စိုးရိမ်ရတဲ့အနေအထားဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းကျေးရွာနဲ့ ဗောဓိကမ်းကျေးရွာကပြည်သူတွေ စုစုပေါင်း ၃၀၀ ဝန်းကျင်လောက်လည်း နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
မနေ့ကတစ်ရက်တည်းမှာပဲ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာရှိတဲ့ ပလမြို့ရဲစခန်းကနေ လက်နက်ကြီးပစ်ခတ်တာကြောင့် တိုရွာက ဒေသခံ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
မြိတ်ခရိုင်အတွင်းက ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
The Tanintharyi Times