ပုလောစက်လှေနစ်မြုပ်မှု ဆယ်နှစ်အောက်ကလေးတွေအပါအဝင် အလောင်းကိုးလောင်းထပ်တွေ့
ပုလောစက်လှေနစ်မြုပ်မှု ဆယ်နှစ်အောက်ကလေးတွေအပါအဝင် အလောင်းကိုးလောင်းထပ်တွေ့

ပုလောမြို့နယ်၊ ကျောက္ကာရွာအနီးစက်လှေတိမ်းမှောက်မှုကြောင့်သေဆုံးသွားတဲ့ ရုပ်အလောင်းတွေ ထပ်မံတွေ့ရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၂၀ ရက်နေ့က ကျောက္ကာရွာအနီးမှာ ခရီးသည် ၈၀ ကျော်နဲ့ကုန်တွေပါလာတဲ့ ခရီးသည်တင်လှေတိမ်းမှောက်ခဲ့တာဖြစ်ပြီး မနေ့ကအထိ ရုပ်အလောင်း ၁၁ လောင်းရထားတာပါ။
ဒီကနေ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်းမှာတော့ အသက်ဆယ်နှစ်အောက်ကလေးငယ် လေးဦးနဲ့ ဆယ်ကျော်သက်အရွယ် ငါးဦးတို့ရဲ့ ရုပ်အလောင်းတွေကို ရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ကမ်းနားမှာတင်နေတာလည်းရှိတယ်။ အလောင်းတွေက ကျောက္ကာရွာတဝိုက်မှာပဲ ရတာ။ ဒီနားမှာ ရေကအဝိုင်းစီးတဲ့ပုံဖြစ်နေတာ တခြားနေရာတွေကိုမျှောပါဖို့ဆိုတာ ရာခိုင်နှုန်းနည်းလွန်းတယ်။” လို့ ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ ကျောက္ကာရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လှေတိမ်းမှောက်မှုမှာ တချို့ကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး ရုပ်အလောင်း ၂၀ ခန့်ရထားသလို ပျောက်ဆုံးနေဆဲသူတွေလည်း ရှိသေးတယ်လို့ ကျောက္ကာရွာခံတွေက ပြောပါတယ်။
ရုပ်အလောင်းတချို့ကို မိသားစုဝင်တွေက လာသယ်ယူသွားပြီဖြစ်ပြီး တချို့ကိုတော့ ကျောက္ကာရွာမှာပဲ သရဏဂုံတင်ပြီး မီးသင်္ဂြုလ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ လှေပေါ်မှာ စစ်ရေးတင်းမာနေတဲ့ ပုလောမြို့နယ်၊ ရွာတချို့က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေနဲ့ သူတို့ရဲ့ပစ္စည်းတွေ၊ သီတင်းကျွတ်ကျောင်းပိတ်ရက် အိမ်ပြန်လာပြီး မြို့မှာကျောင်းတက်ဖို့ ပြန်သွားတဲ့ ကျောင်းသားတွေပါတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပုလောမြို့နယ်အတွင်း ပလမြို့နဲ့ ကြဲကျေးရွာအုပ်စုတွေမှာ တိုက်ပွဲရက်ရှည်ဖြစ်ပြီး ပုလော – မြိတ်ကားလမ်းအသုံးပြုခွင့်မရဖြစ်နေတဲ့အချိန် ပိတ်မိနေတဲ့ခရီးသွားတွေက ရေလမ်းကိုအသုံးပြုသွားလာနေကြတာဖြစ်ပါတယ်။
The Tanintharyi Times