ပုလောမြို့နယ်မှာကိုးရက်ဆက် တိုက်ပွဲဖြစ်
ပုလောမြို့နယ်မှာကိုးရက်ဆက် တိုက်ပွဲဖြစ်

ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စုနဲ့ ပလမြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အခုလ ၁၄ ရက်နေ့ကတည်းက ကြဲရွာကိုစဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကြဲ၊ စက်တော်ရာရွာတွေကိုဖြတ်ပြီး ဒီကနေ့ နေလည်မှာ တပိုရွာထဲက ရောက်နေပြီလို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကြောင်းထိုးသွားလာခဲ့တဲ့လမ်းတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အပြင်းအထန်တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိနေတယ်လို့ ကနဦး သိရပါတယ်။
မြိတ်မြို့ဘက်ကနလာတဲ့ စစ်ကောင်စီတပ်အင်အား အနည်းဆုံး ၃၀၀ လောက်နဲ့ ရှေ့ဆက်တိုးနေတာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ ဇရပ်ဆိပ်ရွာဘက်ကို ရောက်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“စစ်တပ်ဘက်က အသေခံတိုးနေတာ။ စစ်ကူတွေလည်း ထပ်ထပ်ရောက်လာနေတယ်။ ကျနော်ထင်တာတော့ စစ်မှုထမ်းသင်တန်းဆင်းတွေကို အသေခံရှေ့တန်းလွှတ်ပြီး တိုးနေတာဖြစ်လောက်တယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကြဲကျေးရွာအုပ်စုထဲက ရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးနေသလို တဖက်က ပလမြို့ကိုလည်း စစ်ကောင်စီတပ်သားအင်အား အနည်းဆုံး ၂၀၀ လောက်ဖြည့်ထားပြီး စစ်ကြောင်းသွားလာလှုပ်ရှားတာတွေရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မနေ့ည ၇ နာရီခွဲလောက်ကတော့ ပလမြို့၊ မီးသတ်ရုံးအနီး ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ပုလောြမို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
“စစ်ကောင်စီတပ်သားတိုးလာလို့ဖြစ်တာလို့သိရ။ စစ်ကောင်စီဘက်ကထိခိုက်မှုမသိရဘူး။” လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက စာနဲ့ရေးသားဖြေဆိုခဲ့ပါတယ်။
ပလမြို့ကို စစ်ကောင်စီတပ်သားအင်အားဖြည့်ပြီးစစ်ရေးလှုပ်ရှားမှုတွေရှိနေသလို ပလမြို့ရှောင်ကွင်းလမ်းရဲ့ အဝင်၊ အထွက် နေရာတွေမှာလည်း စစ်ကောင်စီတပ်တွေက ကင်းပုန်းဝပ်ပြီးရှိနေတယ်လို့ ဆိုပါတယ်။
ပလမြို့ရှောင်ကွင်းလမ်းဟာ ပုလော- မြိတ် ကားလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို မဖြတ်ချင်သူတွေ အဓိကအသုံးပြုတဲ့လမ်းဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တိုက်ပွဲတွေကြာင့် ကြဲ၊ စက်တော်ရာ၊ ဇရပ်ဆိပ်၊ တပို၊ မိန်းမမြို့၊ မင်းပြင်ထိန်၊ ပလမြို့ စတဲ့ဒေသတွေက အရပ်သားထောင်ချီဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ပုလော – ထားဝယ်ကားလမ်းမ သွားလာခွင့်ပိတ်ခံထားရတာ ကိုးရက်ရှိနေပြီဖြစ်ပြီး ခရီးသွားကားရာချီ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းကတော့ စစ်ရေးတင်းမာနေတာကြောင့် မြိတ်-ထားဝယ်-ပုလော လမ်းပိုင်းကိုအသုံးပြုပြီး ခရီးသွားလာတာမျိုးမလုပ်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
The Tanintharyi Times