“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

ပုံစာ - BBC၊ NPT PDF၊

ဩဂုတ်လ ၂၂ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“စစ်ကောင်စီက ရုရှားအကူအညီနဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့စီစဉ်”

မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ဖို့ ရုရှား နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးပြီလို့ စစ်ကောင်စီရုံးက သတင်းအရင်းအမြစ်တစ်ဦးရဲ့ပြောပြချက်ကို ကိုးကားပြီးဘီဘီစီက သတင်းရေးသားထားပါတယ်။”ဂြိုလ်တုက ရဖို့လွယ်ပါတယ်။ လွှတ်တင်ဖို့ပဲ ခက်ခဲ့တာပါ။ ဒါပေမဲ့ မကြာခင် လွှတ်တင်နိုင်တော့မှာပါ’’ လို့ အဲဒီသတင်းအရင်းအမြစ်က ပြောထားပါတယ်။၎င်းနဲ့ပတ်သက်လို့ ဘယ်လောက်ကုန်ကျမလဲ ဆိုတာကို အဲဒီသတင်းအရင်းအမြစ်က မပြောပြဘဲ ကုန်ကျစရိတ်ကို လက်ငင်းငွေချေစရာမလိုဘူးလို့ သိရပါတယ်။လက်ရှိ စစ်ကောာင်စီရဲ့ ကိုယ်ပိုင်ဂြိုလ်တု အစီအစဉ်ဟာ စစ်ခေါင်းဆောင် မနှစ်က ရုရှားခရီးစဉ်ကတည်းက စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရုရှားခရီးစဉ်အတွင်း Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။ စစ်ကောင်စီဟာ ရုရှားအကူအညီနဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ကိုလည်း စီစဉ်နေတာ ဖြစ်ပြီး အဲဒီအစီအစဉ်ကိုလည်း ထိပ်တန်းလျှို့ဝှက်အဖြစ်သတ်မှတ်ထားပါတယ်။

“ကွမ်းလုံတံတားသစ် ပြီးစီးမှုနဲ့ BRI စီမံကိန်းတိုးမြင့်မယ်လို့ဆို”

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်လမ်းကြောင်းပေါ် တည်ဆောက်နေတဲ့ ကွမ်းလုံတံတားသစ် ပြီးစီးမှုနဲ့ BRI စီမံကိန်းကို တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ရွှေဖီမြေသတင်းအရသိရပါတယ်။ကွမ်းလုံတံတားသစ်ဟာ တရုတ်အစိုးရရဲ့ နှစ်နိုင်ငံ စီးပွားရေး စင်္ကြံနဲ့ ပိုးလမ်းမ အစီအစဉ် (Belt and Road Initiative – BRI)စီမံကိန်းထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တံတားပြီးစီးရင် ကုန်သွယ်မူတွေ တိုးမြင့်လုပ်ဆောင်မယ်လို့ စစ်ကောင်စီနဲ့ တရုတ်ကိုယ်စားလှယ်တို့ နေပြည်တော်မှာ ဒီနှစ် မေလက ဆွေးနွေးခဲ့ကြပါတယ်။မြန်မာဘက် ချင်းရွှေဟော်မြို့နဲ့ တရုတ်ပြည် မိန်းတိန်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ် သွားရာလမ်းကြောင်းပေါ်က ကွမ်းလုံတံတားသစ် ပြီးစီးသွားပြီလို့လည်း ဒေသတွင်း ကားသမားတစ်ဦးက ပြောပါတယ်။ ကွမ်းလုံတံတားပေါ်မှာ ချင်းရွှေဟော်ဂိတ်ကနေ ကားလမ်းနဲ့ ရန်ကုန်ဆိပ်ကမ်းအထိ ပင်လယ်ထွက်ပေါက်ရရှိရေး တရုတ်ဘက်က ဆောင်ရွက်နေတယ်လို့ ISPမြန်မာက ဒီနှစ်ဆန်းက ထုတ်ပြန်ထားပါတယ်။

“အရေးကြီးတဲ့ စစ်ဆင်ရေး ဧရိယာတွေထဲမှာ နေပြည်တော်အပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်း ပါဝင်”

‘’လမ်းအားလုံးနေပြည်တော် သို့’’ စစ်ဆင်ရေးမှာပါဝင်တဲ့ အရေးကြီးတဲ့ စစ်ဆင်ရေး ဧရိယာတွေက နေပြည်တော်အပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်း ပါဝင်တယ် လို့ NUGရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ပြောတယ်လို့ ဘီဘီစီကဖော်ပြပါတယ်။ ဒေသအားလုံးမှာ PDF တပ်ဖွဲ့တွေရှိနေပြီး နယ်စပ်ဒေသတင် မဟုတ်ဘဲ ရန်သူ့စိုးမိုးနယ်မြေထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖောက် ဝင်ရောက်တိုက်ပွဲဝင်ဖို့ စီမံချက်ထားရှိတယ်လို့ ဆိုပါတယ်။ ဒီနယ်မြေတွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး စစ်ဆင်ဖို့ဆိုတဲ့ ရည်မှန်းချက်ဟာ လမ်းအားလုံးနေပြည်တော် သို့ စီမံချက်ရဲ့ ဦးတည်ရာ လည်းဖြစ်ပြီး အကောင်အထည်ဖော်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရန်ကုန်ကို မြို့ပြပြောက်ကျားလှုပ်ရှားမှုကို အားပြုလှုပ်ရှားဆောင်ရွက်ခဲ့ရာကနေ တဆင့်တက်ပြီး PDF တပ်ရင်း တပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲဝင်နိုင်ဖို့ပြင်ဆင်နေကြပြီ လို့ သူက ပြောပါတယ်။

“NUG၊ PDF တို့နဲ့ မဆွေးနွေးဘူး လို့ စစ်ကောင်စီပြော”

NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နဲ့ ဆွေးနွေးမှာ မဟုတ်ဘူး လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အကြမ်းဖက်လို့ ကြေညာထားတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသွားစရာ အကြောင်းမရှိပါဘူးလို့ သူက ပြောပါတယ်။

ဒါ့အပြင် ခုခံတော်လှန်စစ်ကို ကူညီပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကို မတရားအသင်းကြေညာမလားလို့ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယတိပြတ်မဖြေဘဲ သူတို့လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

“တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ တမူးဒေသခံတွေကို အိန္ဒိယ ပြန်မောင်းထုတ်”

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် တစ်လအတွင်း ဒေသခံတစ်ထောင်ကျော် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ RFAသတင်းက ဖော်ပြပါတယ်။ ဒါပေမဲ့ သူတို့ကို အိန္ဒိယအာဏာပိုင်တွေက ပြန်လည်မောင်းထုတ်ခဲ့ကြတာကြောင့် နယ်စပ်အနီးက ကျေးရွာတွေနဲ့ နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ ဒုက္ခသည်ရာပေါင်းများစွာ တဲထိုးပြီး ခိုလှုံနေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။ နယ်စပ်မျဉ်းအနီးမှာ တဲထိုးပြီး ခိုလှုံနေသူ ၃၀၀ ခန့်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ကို နှစ်ဘက်အာဏာပိုင်တွေက ပိတ်ထားတာကြောင့် စားရေးသောက်ရေးကအစ အခက်အခဲဖြစ်နေပါတယ်။ အခုလ ၁၈ ရက် ညပိုင်းက တမူးမြို့နယ် ဘုက္ကန်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဘုက္ကန်ရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၅၀၀ ကျော် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ ညတွင်းချင်း ထွက်ပြေးခဲ့ကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

The Tanintharyi Times