ခါးနာခြင်းနဲ့ သတိပြုစရာများ
ခါးနာခြင်းနဲ့ သတိပြုစရာများ

ခါးနာခြင်းကို လူအများစုခံစားရတတ်ပါတယ်။
အများစုက ခါးနာတာကို ပေါ့ပေါ့ဆဆလည်း သဘောထားတတ်ကြတယ်။ ခါးနာတဲ့အခါ ရိုးရိုးခါးနာတာလား၊ ကျောက်ကပ်ကြောင့်ခါးနာတာလားဆိုတာ အသေအချာသိဖို့ နီးစပ်ရာဆေးပညာရှင်ဆီမှာ စနစ်တကျကုသမှုခံယူသင့်ပါတယ်။
အများစုက ခါးနာတယ်ဆိုရင် မိမိသဘောနဲ့ ဆေးသောက်လိုက်၊ ဆေးလိမ်းလိုက်လုပ်တတ်ကြ ပါတယ်။
ခါးနာတာကို စနစ်တကျကုသမှုမခံယူရင် ခြေထောက် ပုံမှန်မလှုပ်ရှားနိုင်တာ၊ လမ်းကောင်းစွာမလျှောက်နိုင်တာ၊ ခြေထောက်မှာ အာရုံခံစားမှုတွေ လျော့ပါးသွားတာ(အပူ၊ အအေးကို မသိခြင်း)တို့ခံစားရနိုင်ပါတယ်။ဒါ့အပြင်မကြာခဏခါးနာတတ်သူတွေအနေနဲ့ ရိုးရိုးခါးနာတာ မဟုတ်ဘဲ ခါးကြောညပ်ခြင်း ဝေဒနာခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။
ခါးနာခြင်းဝေဒနာကို တာရှည်ခံစားသူတွေ အနေနဲ့ ခါးကြောညပ်တဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။
ခါးကြောညပ်ခြင်းဆိုတာ ကျောရိုးဆစ်ကနေထွက်လာတာ အာရုံကြောများစွာထဲက sciatica nerve ဒဏ်ဖြစ်ခြင်းဖြစ်ပါတယ်။
◉ ဘယ်သူတွေမှာ ခါးကြောညပ်တတ်သလဲ
-ခါးမကြာခဏနာလေ့ရှိသူ
-အဝလွန်သူ
-ဒေါက်ဖိနပ်အစီးများသူ
-ဆီးချိုရောဂါရှိသူ
-အလေးအပင်အမများသူတွေ
-အထိုင်များသူတွေ
-မာလွန်းတဲ့နေရာမှာ အိပ်လေ့ရှိသူတွေ
-ဆေးလိပ်သောက်လေ့ရှိသူတွေ
◉ ဘယ်လိုလက္ခဏာတွေခံစားရသလဲ
အာရုံကြောဖြန့်ကျက်ရာတစ်လျှောက် ခါးအောက်ပိုင်းနဲ့ တင်ပါးခွက်က စပြီး ပေါင်အနောက်ဖက်တစ်လျှောက်၊ ခြေသလုံးတစ်လျှောက်မှာ နာကျင်ကိုက်ခဲ တတ်ပါတယ်။
ခြေသလုံးကနေ ခြေဖဝါးထိ ထုံခြင်း၊ ရောင်ခြင်း၊ ကြွက်သားအားနည်းခြင်းတွေလည်း ခံစားရနိုင်ပါတယ်။
ချောင်းဆိုး၊ နှာချေရင် နာခြင်းဝေဒနာကို ပိုခံစားနိုင်ပါတယ်။
ခြေထောက်မမြှောက်နိုင်ခြင်း၊ လမ်းလျှောက်ရခက်ခြင်းတို့လည်း ခံစားရနိုင်ပါတယ်။
အဲ့လက္ခဏတွေအပြင် ဖျားခြင်း၊ ဆီးသွားရင် ပူစပ်စပ်ခံစားရခြင်း၊ မခံမရပ်နိုင်အောင်နာခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်းတို့ ဖြစ်ပွါးပြီဆိုရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းဆီ အမြန်သွားဖို့လိုနေပါပြီ။
◉ ဘာလို့ခါးကြောညပ်တာလဲ
-အရိုးအတက်ထွက်ပြီး အာရုံကြောကိုဖိမိတာ
-ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကြီးထွားလာတဲ့သားအိမ်က အာရုံကြောကို ဖိမိတာ
-တင်ပဆုံနဲ့ တင်ပါးနားရှိ ကြွက်သားတွေ လှုပ်ရှားမှုများပြီး အာရုံကြောကိုထိမိတာ
-ခါးရိုးဆစ်အရိုးနုအဝိုင်းလေးကျွံပြီး အာရုံကြောကို ဖိမိတာမျိုးတွေကြောင့် ခါးကြောညှပ်တာပါ။
◉ ခါးကြောညှပ်ခြင်းကိုဘယ်လိုကုသမှုခံယူမလဲ
-ခါးကြောညှပ်တဲ့သူ အချို့မှာ ဆေးကုသမှုခံယူစရာမလိုဘဲ သူ့ဘာသာပျောက်သွားသူတွေရှိသလို၊ ဆေးကုသမှုကိုစနစ်တကျခံယူမှ ပျောက်ကင်းမယ့်သူတွေလည်း ရှိပါတယ်။
-ခါးကြောညှပ်ပြီးဆိုကတည်းက စနစ်တကျထိုင်ခြင်းကို သတိထားလုပ်ဆောင်သင့်ပါတယ်။
-အကြောလျော့လေ့ကျင့်ခန်းကို ဖြေးဖြေးချင်း လုပ်ပေးသင့်ပါတယ်(ပက်လက်အိပ်ပါ၊ ခြေထောက်ကို ဒူးမကွေးဘဲ ဆန့်ဆန့်ထားထားပါ၊ခန္ဓာကိုယ်အထက်ပိုင်းကို အကြောလျော့ထားပြီး အသက်ရှုသွင်းရင်း ညာဘက်ဒူးကို ကွေးယူပါ၊ ပြီးလက်နှစ်ဖက်ဖြင့် ပေါင်ကိုဖက်လိုက်ပြီး ဒူးကိုရင်ဘတ်ဆီဆွဲယူပါ၊ ခံနိုင်ရည်ရှိသလောက်ပဲဆွဲယူဖို့ သတိထားရပါမယ်၊ ကျန်တဲ့ ဘယ်ဖက်ခြေထောက်ကို ကြမ်းပြင်နဲ့ ကပ်နေပါစေ၊ စက္ကန့်အနည်းငယ် အသက်အောင့်ထိန်းထားပြီး ဖြည်းဖြည်းချင်းပြန်ချပါ၊နောက် ဘယ်ခြေထောက်ကို အဲ့အတိုင်း လုပ်ပါ၊ တစ်ဖက်ကို ငါးကြိမ်စီလုပ်ပါ)
-နာကျင်ကိုက်ခဲခြင်းတွေ သက်သာစေဖို့ ရေခဲအိတ်(သို့)ရေနွေးအိတ်များကပ်ပေးခြင်းပြုလုပ်နိုင်ပါတယ်။
-အပူနဲ့အအေးကိုတလှည့်စီ ကပ်ပေးခြင်းကလည်း ကြွက်သားတွေ လျော့စေပါတယ်။
-အကယ်၍ ပစ္စည်းတွေမခြင်း၊ ကုန်းကောက်ယူခြင်းတွေ ပြုလုပ်တဲ့အခါ ပုံစံတကျလှုပ်ရှားဖို့သတိထားရပါမယ်။
-တတ်နိုင်ရင်တော့ လဲလျောင်းပြီးနေတာကတော့ အကောင်းဆုံးပါ။
-နာကျင်နေတဲ့ တဝိုက်ကို အကြောဖြေလိမ်းဆေးတစ်မျိုးမျိုး လိမ်းပေးနိုင်သလို၊ ကြပ်ထုပ်လည်းထိုးပေးနိုင် ပါတယ်(ကြပ်ထုပ်ဆိုတာ ဆေးဖက်ဝင်ပစ္စည်းတွေဖြစ်တဲ့ ဂျင်း၊သစ်ကြံပိုး၊ ရာတန်ရွက်တွေနဲ့ ပြုလုပ်ထားတဲ့အထုပ်ပါ။ တကယ်လို့ မိမိတို့လက်တစ်ကမ်းမှာအဲ့တာတွေမရှိရင် အိမ်သုံးဆားရယ်၊ ဆနွင်းရယ်ရောပြီး ကြပ်ထုပ်ပြုလုပ်ကာ ကြပ်ထုပ်ထိုးပေးနိုင်ပါတယ်)
-အကြောဖြေ လိမ်းဆေးမရှိရင် နှမ်းဆီ၊ မုန်ညှင်းဆီတို့ကို အပူပေးပြီး ခပ်နွေးနွေးလေးလိမ်းပေး နိုင်ပါတယ်။
-အကြောညှပ်သူတွေအနေနဲ့ အစာကြေညက်စေတဲ့ အစားအစာ၊ ဝမ်းမှန်စေတဲ့ အစားအစာတွေသာ ရွေးချယ်စားသင့်ပါတယ်။
-အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနှင့်သောက်ခြင်းကို အထူးဆင်ခြင်သင့်ပါတယ်။
-လွန်မင်းစွာ အနှိပ်ခံခြင်းကိုလည်း လုံးဝ(လုံး၀) ရှောင်ကြဉ်သင့်ပါတယ်။
အထက်ပါအချက်တွေကို စနစ်တကျလုပ်ဆောင်နေ၊ ရှောင်ကြဉ်နေပါလျက်နဲ့ နာကျင်ခြင်းဝေဒနာတွေ ခံစားနေရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေဆီ သွားရောက်ကုသင့်ပါတယ်။
◉ ခါးကြောညှပ်ခြင်း မဖြစ်အောင် ဘယ်လိုနေရမလဲ
-အဝလွန်သူတွေအနေနဲ့ဝိတ်လျှော့သင့်ပါတယ်။
-အလေးအပင်မသူတွေအနေနဲ့စနစ်ကျတဲ့ ကိုယ်ဟန်အနေအထားနဲ့ မဖို့လိုပါတယ်။
-အထိုင်များသူတွေ အနေနဲ့ ခါးကိုသတိထားပြီးမတ်မတ်ထိုင်သင့်ပါတယ်။
-ဒေါက်ဖိနပ်ကို အမြဲမစီးဘဲ ပွဲလမ်းသဘင်ရှိမှသာ စီးသင့်ပါတယ်။
-ခါးကိုဒဏ်ဖြစ်စေတဲ့ ခါးကုန်းခြင်း၊ အလေးအပင်တွေ မခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
-လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
အကယ်လို့ ခါးနာခြင်းဝေဒနာခံစားရပြီဆိုရင် မိမိသဘောနဲ့ ဟိုဆေးလိမ်း၊ သည်ဆေးလိမ်းလုပ်ခြင်းထက် နီးစပ်ရာဆေးပညာရှင်ဆီမှာ ကုသမှုအရင်ခံယူသင့်တာကို သတိချပ်စေလိုပါတယ်။
PKN
The Tanintharyi Times