ဖွေထိုင်းပါတီက တင်သွင်းတဲ့ ဆေထာ ထဝီဆင် ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာ

ဖွေထိုင်းပါတီက တင်သွင်းတဲ့ ဆေထာ ထဝီဆင် ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာ

ကိုးကား - Bangok post၊ Khaosod English

ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် ဖွေထိုင်းပါတီက အမည်စာရင်းတင်သွင်းထားတဲ့ ဆေထာ ထဝီဆင် ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

အသက် ၆၀ အရွယ် ဆေထာ ထဝီဆင်ဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့​ကိုယ်ရေးအကျဉ်းကိုတော့ လွှတ်တော်အမတ်တွေဆီကို ကြိုတင်ဖြန့်ဝေထားတာမရှိဘူးလို့ Bangkok Post သတင်းကဆိုပါတယ်။

ဒီနေ့မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၄၈၂ မဲ၊ ကန့်ကွက်မဲ ၁၆၅ မဲ၊ ကြားနေမဲ ၈၁ မဲရရှိခဲ့လို့ ဝန်ကြီးချုပ်ရာထူးအတွက် လိုအပ်တဲ့ထောက်ခံမဲ ၃၇၆ မဲကို ကျော်လွန်ရရှိခဲ့တာ ဖြစ်တယ်လို့ Bangkok သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့နဲ့ ၁၉ ရက်နေ့တို့ မှာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ (MFP) ရဲ့ ခေါင်းဆောင် ၀န်ကြီးချုပ်လောင်း ပီတာကို ဝန်ကြီးချုပ်ခန့်ဖို့မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် လုံလောက်တဲ့ မဲအရေအတွက်မရခဲ့ပါဘူး။

ပီတာကို မဲရွေးချယ်မှုအပြီးမှာ Move Forward ပါတီအပါအဝင် ၈ ပါတီညွန့်ပေါင်းဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဖွေထိုင်းဟာ နောက်ပိုင်းမှာခွဲထွက်ပြီး လက်ရှိထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ပါတီတွေနဲ့ မဟာမိတ်ပြန်ဖွဲ့ထားတာဖြစ်ပါတယ်။

ဖွေထိုင်းပါတီဟာ အခုနှစ် မေလက ကျင်းပတဲ့ရွေးကောက်ပွဲမှာ ပီတာလင်ဂျာရိုရတ်ရဲ့ Move Forward ပါတီပြီးရင် လွှတ်တော်အမတ်နေရာကို ဒုတိယအများဆုံးရရှိထားတဲ့ပါတီဖြစ်ပါတယ်။

ဒီနေ့မှာပဲ ၁၅ နှစ်ကြာ တိမ်းရှောင်နေတဲ့ ဖွေထိုင်းပါတိတည်ထောင်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာလည်း ဒီနေ့ ပြည်တော်ပြန်လာခဲ့ပြီး ထိုင်းတရားရုံးချုပ်ကလည်း သူ့ကို ချက်ချင်းပဲ ထောင်ဒဏ် ၈ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

The Tanintharyi Times