တနှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါးရှိတဲ့ ကျောက်စိမ်းတွေ တရုတ်ကို တင်ပို့
တနှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါးရှိတဲ့ ကျောက်စိမ်းတွေ တရုတ်ကို တင်ပို့
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံက ကျောက်စိမ်းတွေကို တရုတ်နိုင်ငံကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါးဖိုး တင်ပို့ခဲ့တယ်လို့ သွေးစွန်းငွေ Blood Money Campaign အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းကာလနောက်ပိုင်း တရုတ်နိုင်ငံကို မြန်မာပြည်ထွက် ကျောက်စိမ်းတင်ပို့မှုအခြေအနေဟာ ၂၀၂၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တင်ပို့ခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၄ ဘီလီယံနီးပါး အထိ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
“မြန်မာ့သတ္တုနှင့် ကျောက်မျက်ကဏ္ဍ ပြင်ပတင်ပို့ခြင်းကို လေ့လာဆန်းစစ်ခြင်း“ အစီရင်ခံစာတစောင်ကို စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေကို အရေးယူပိတ်ဆို့နိုင်ရေး လှုပ်ရှားနေတဲ့ သွေးစွန်းငွေအဖွဲ့က ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက သတ္တုနဲ့ကျောက်မျက်တင်ပို့မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၆ဒသမ၂ ဘီလီယံအထိ ရှိခဲ့တယ်လို့ UN Comtrade နဲ့ တရုတ်အကောက်ခွန်ဌာနက ဖော်ပြထားတဲ့ အချက်အလက်ကို ကိုးကားပြီး အစီရင်ခံမှာ ရေးသားထားပါတယ်။
မြန်မာပြည် သတ္တုနဲ့ ကျောက်မျက်တင်ပို့မှု ကဏ္ဍထဲမှာ ကျောက်စိမ်း တင်ပို့မှု အများဆုံးဖြစ်ပြီး ခဲမဖြူ၊ မြေရှား၊ ကြေးနီ၊ နီကယ်၊ ကျောက်မျက်သတ္တုတို့ ပါဝင်ပါတယ်။
၂၀၂၃ ဇန်နဝါရီကနေ မေလအထိ ၅ လတာအတွင်း တရုတ်နိုင်ငံသို့ကျောက်စိမ်းတင်ပို့မှုတန်ဖိုးမှာ ၇၃၁ သန်းရှိတယ်လို့ ဆိုပါတယ်။
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း MGE က အာဏာသိမ်းကာလအတွင်း ကျောက်မျက်ရတနာ ပြပွဲ ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ကျောက်စိမ်းရောင်းချလို့ ရတဲ့ ဝင်ငွေကို ထုတ်ပြန်ထားတာမျိုးမရှိပါဘူး။
MGE ရဲ့ သိုလှောင်ရုံများမှ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေကို လေလံတင်ရောင်းချနေတဲ့ ကျောက်မျက်ပြပွဲတွေကနေ စစ်ကောင်စီဟာ ဒေါ်လာသန်းရာပေါင်းများစွာ ဝင်ငွေရရှိနိုင်တယ်လို့ အစီရင်ခံမှာ ထောက်ပြထားပါတယ်။
မြေရှားသတ္တုတင်ပို့မှုကဏ္ဍမှာ ၂၀၂၂ ခုနှစ်အတွင်း မြေရှားထုတ်လုပ်မှု တန်ချိန် ၁၂၀၀၀၊ တန်ဖိုးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရှိခဲ့ပြီး ထုတ်လုပ်မှုအားလုံးကို တရုတ်နိုင်ငံဆီ တရားမဝင် တင်ပို့နေတယ်လို့ အစီရင်ခံစာက တရုတ်အကောက်ခွန်နဲ့ UN Comtrade အချက်အလက်တွေကို ကိုးကားဖော်ပြပါတယ်။
မြေရှားသတ္တုတွေကို ကချင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ အများဆုံး တူးဖော်နေတာ ဖြစ်ပြီး မြေရှားသတ္တုတူးဖော်တဲ့ရေကန်ပေါင်း ၂၇၀၀ ကျော်ရှိတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှု လုပ်ဆောင်နေတဲ့ Global Witness အဖွဲ့က ထုတ်ပြန်ထားတာ ရှိပါတယ်။
ကြေးနီ၊ ခနောက်စိမ်း၊ နီကယ် သတ္တုတင်ပို့မှု ကဏ္ဍမှာ ၂၀၂၁ မှ ၂၀၂၂ နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် တင့်ပို့ခဲ့ပြီး ခဲမဖြူတင်ပို့မှုမှာတော့ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံကို တစ်ဘီလီယံတန်ဖိုး တင်ပို့ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ခဲမဖြူထုတ်လုပ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဝတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ “ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA“ ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံဆီ တင်ပို့နေတဲ့ တနင်္သာရီတိုင်းက ထွက်ရှိတဲ့ ခဲမဖြူသတ္တုတွေကိုတော့ စစ်ကောင်စီက ဝင်ငွေရရှိနေတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
၂၀၂၂ မှာ အမေရိကန်၊ ဆွစ်ဇာလန်၊ အီတလီ၊ ပြင်သစ်၊ အင်္ဂလန်၊ ထိုင်း၊ စင်ကာပူ၊ ယူအေအီး၊ ဂျပန် စတဲ့ နိုင်ငံတွေဆီ ဒေါ်လာ ၇၅ သန်းတန်ဖိုးရှိ ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ တင်ပို့ခဲ့ပြီး အမေရိကန်နိုင်ငံက ၃၉ သန်းနဲ့ အများဆုံး ဝယ်ယူနေတာ ဖြစ်ပါတယ်။
The Tanintharyi Times
