အမေရိကန် က အီရန်ကို တိုက်ခိုက်မှု နိုင်ငံတကာ လုံခြုံရေးအပေါ်တိုက်ရိုက် ခြိမ်းခြောက်တာဖြစ်တယ်လို့ ကုလ အထွေထွေအတွင်းရေးမှူးချုပ်ပြော

အမေရိကန် က အီရန်ကို တိုက်ခိုက်မှု နိုင်ငံတကာ လုံခြုံရေးအပေါ်တိုက်ရိုက် ခြိမ်းခြောက်တာဖြစ်တယ်လို့ ကုလ အထွေထွေအတွင်းရေးမှူးချုပ်ပြော

◼အီရန်ကို ဝင်ရောက်ခိုက်မှု အောင်မြင်တယ်လို့ ထရမ့် သတင်းစာရှင်းလင်း

အမေရိကန် က အီရန်ကို ဝင်ရောက်တိုက်ခိုက်မှုဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိုတိုက်ရိုက် ခြိမ်းခြောက်တာဖြစ်တယ်လို့ ကုလသဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ကပြောကြား လိုက်ပါတယ်။

အမေရိကန်သမ္မတထရမ့် က အီရန်နိုင်ငံထဲနေရာသုံးကို စစ်ရေးပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု တွေလုပ်ဆောင်ခဲ့တယ်လို့ ကြေညာအပြီးမှာ ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က အမေရိကန် ရဲ့ တိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခကို ပိုမိုအရှိန်မြှင့်လာစေပြီး အန္တရာယ် ရှိတဲ့ လုပ်ရပ်လို့ ပြောကြားခဲ့ပါတယ်။

“ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု” အဖြစ် သတ်မှတ်ပါတယ်” လို့ အန်တိုနီရို ဂူတာရက်စ်က ပြောပါတယ်။

ဒီပဋိပက္ခဟာ ထိန်းချုပ်မရဖြစ်သွားနိုင်တဲ့အထိ အန္တရာယ်ရှိလာနိုင်ပြီး အရပ်သားတွေ နဲ့ ဒေသတွင်းနိုင်ငံအားလုံးအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေပေါ်လာစေနိုင်တယ်လို့ အန်တိုနီရို ဂူတာရက်စ်ကပြောပါတယ်။

“ဒီအန္တရာယ်ကြီးမားတဲ့ ပဋိပက္ခရဲ့ ဝဲဂယက်ထဲ မကျရောက်အောင် ရှောင်ရှားဖို့ အရေးကြီးပါတယ်။ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလို့မရပါဘူး။ တစ်ခုတည်းသော ရွေးချယ်စရာက သံတမန်နည်းလမ်းသာ ဖြစ်ပါတယ်။ တစ်ခုတည်းသော မျှော်လင့်ချက်က ငြိမ်းချမ်းရေးပါပဲ” လို့ ၎င်းက ဆိုပါတယ်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က အခုလိုထုတ်ပြန်ပြောကြားချိန်မှာ အီရန်ကို လေကြောင်းတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမေရိကန် သမ္မတကလည်းမိန့်ခွန်းပြောကြားခဲ့ပြီး နျူကလီးယားစက်ရုံသုံးခု တိုက်ခိုက်မှု စစ်ဆင်ရေး အောင်မြင်တယ်လို့ကြွေးကြော်ခဲ့ပါတယ်။

ထရမ့် က “ ကျုပ်တို့ရဲ့ ရည်မှန်းချက်က အီရန်၏ နျူကလီးယားချဲ့ထွင်ရေးစက်ရုံကို ဖျက်ဆီးဖို့ဖြစ်တယ်။ ဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးအောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့တယ် အဓိကစက်ရုံတွေ လုံးဝအပြီးတိုင် ဖျက်ဆီးနိုင်ခဲ့တယ် ” လို့လည်း သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

အီရန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ထရမ့်ဟာ စစ်ရေးအောင်မြင်မှုရရှိခဲ့တယ်လို့ပြောခဲ့ပြီးနောက်မှာတော့ ဒီအချိန်ဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရမယ့် အချိန်လည်းလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

အီရန်ရဲ့နျူးကလီးယားစခန်းသုံးခုဖြစ်တဲ့ ဖော်ဒို၊ နာတန့်၊ အက်စဖာဟန် စတဲ့၃ နေရာကို အမေရိကန်ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထရမ့်ကပြောပါတယ်။

အီရန်ကို လွန်ခဲ့တဲ့ သီတင်းပတ်က စတင်တိုက်ခိုက်ခဲ့တဲ့ ထရမ့်ရဲ့ မိတ်ဖက် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ကတော့ ထရမ့်ရဲ့လုပ်ရပ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

နေတန်ညာဟု “ဂုဏ်ယူပါတယ်၊ သမ္မတထရမ့်၊ အမေရိကန်ရဲ့ အံ့သြဖွယ်ကောင်းသော တရားမျှတမှုအတွက် စွမ်းဆောင်ပေးခဲ့တာကို ဂုဏ်ယူပါတယ်” လို့ ဟီးဘရူး ဘာသာစကားနဲ့ မိန့်ခွန်ပြောကြားခဲ့ကြောင်း နိုင်ငံတကာ သတင်းတွေမှာဖော်ပြထားပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဘန်နီဆန်ဒါကတော့ အီရန်ကို ထရမ့် တိုက်ခိုက်မှုဟာ လွှတ်တော်ရဲ့ ခွင့်ပြုချက်မရှိတဲ့ တိုက်ခိုက်မှုသာဖြစ်ပြီးတရားမဝင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကွန်ဂရက်လွှတ်တော်ရဲ့သဘောတူချက်မရှိဘဲ အီရန်ကိုဗုံးကြဲဖို့ အမေရိကန်တပ်တွေ စေလွှတ်လိုက်တာဟာ ကျွန်ုပ်တို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတစ်ခုပါပဲ။ အမေရိကန်ပြည်သူတွေဟာ နောက်ထပ် ထာဝရစစ်ပွဲကို မလိုလားကြပါဘူး” လို့ ဘန်နီဆန်ဒါ ကပြောထားပါတယ်။

ကိုးကား – ဂါးဒီယန်း

( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times