စစ်ကောင်စီဗဟိုဘဏ်ရဲ့ ကန်ဒေါ်လာရည်ညွှန်းဈေးနဲ့ အပြင်ဈေးကွက် ကွာဟချက် ကျပ်တစ်ထောင်ကျော်အထိရှိလာ

စစ်ကောင်စီဗဟိုဘဏ်ရဲ့ ကန်ဒေါ်လာရည်ညွှန်းဈေးနဲ့ အပြင်ဈေးကွက် ကွာဟချက် ကျပ်တစ်ထောင်ကျော်အထိရှိလာ

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အရေးယူသတ်မှတ်မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ပြီးနောက်မှာ ပြည်တွင်း အရောင်းအဝယ်စျေးကွက်မှာ ကန်တစ်ဒေါ်လာ ကျပ် ၃၁၀၀ ကျော် အထိ တက်လာပါတယ်။

ဒီကနေ့ ညနေ ၄ နာရီကျော် ဈေးကွက်ပေါက်ဈေးအရ ကန်တစ်ဒေါ် ရောင်းဈေး ကျပ် ၃၁၅၀ ရှိပြီး ဝယ်ဈေးမှာ ကျပ် ၃၀၈၀ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ရည်ညွှန်းစျေးကတော့ တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ထားတုန်းဖြစ်တဲ့အတွက် ဈေးနှုန်း ကွာဟချက်က ကျပ် တစ်ထောင်ကျော်ရှိနေပါတယ်။

စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ကတော့ နိုင်ငံပိုင်ဘဏ်တွေအနေနဲ့ အမေရိကန်ဘဏ်တွေနဲ့ ဆက်စပ်ပြီး ဘဏ်ငွေစာရင်းဖွင့်လှစ်ထားတာ၊ ချိတ်ဆက်ပြီး လုပ်ဆောင်နေတာမျိုးမရှိတဲ့အတွက် စီးပွားရေးပိတ်ဆိုမှုရှိခဲ့ရင်လည်း ထိခိုက်မှုမရှိဘူးလို့ မနေ့ကပြောပါတယ်။

ဒါပေမဲ့ အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမယ်လို့ သတင်းတွေထွက်လာခဲ့တဲ့ နှစ်ရက်၊ အခုလ ၂၀ ရက်နေ့ကတည်းက ကန်ဒေါ်လာလဲလှယ်နှုန်းတွေကတော့ စတင်စျေးတက်လာခဲ့တယ်လို့ ငွေလဲလှယ်ရေး လုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

ငွေလဲနှုန်းတက်လာတဲ့အတွက် ဈေးကွက်မှာ အရောင်းအဝယ် သိပ်မရှိဘဲ ငြိမ်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

အခုလက်ရှိမှာတော့ စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ခံရမဲ့ ဘဏ်နှစ်ခုဟာ နိုင်ငံခြားသုံးငွေအကောင့်တွေ စီမံခန့်ခွဲပြီး ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်ဖြစ်တာကြောင့် ၎င်းဘဏ်သုံးစွဲသူတွေ၊ ကုန်သည်တွေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်း လည်ပတ်သူတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့၎င်းဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားက စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေဖို့ အခရာကျတဲ့ MFTBနဲ့ MICB ဘဏ်တို့ကို အရေးယူသတ်မှတ်မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန်အစိုးရက မနေ့က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times