စစ်ကောင်စီတပ် ဖမ်းဆီးငွေတောင်းနေလို့ ကံပေါက်က ဈေးရောင်းသူတွေနဲ့ ဒေသခံတွေ အခက်အခဲဖြစ်နေ
စစ်ကောင်စီတပ် ဖမ်းဆီးငွေတောင်းနေလို့ ကံပေါက်က ဈေးရောင်းသူတွေနဲ့ ဒေသခံတွေ အခက်အခဲဖြစ်နေ

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ လမ်းသွားလမ်းလာ ဘေးတွဲဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားတွေ မနက် ၄ နာရီမတိုင်ခင်ကတည်းက ဖမ်းဆီးငွေတောင်းနေကြတယ်လို့ ငွေပေးခဲ့ရတဲ့ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဖမ်းဆီး၊ ငွေတောင်းတဲ့ နေရာတွေက ကံပေါက်ဒေသ ရပ်တော်မူဘုရားရှေ့နဲ့ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာဖြစ်ပါတယ်။
ဘေးတွဲဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေကို ကျပ်နှစ်သောင်းအထိတောင်းယူသလို ခြင်းနှစ်လုံးတပ်ပြီးစီးတဲ့ဆိုင်ကယ်တွေကိုတော့ ကျပ်သုံးသောင်းအထိတောင်းယူခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျပ်နှစ်သောင်းပေးခဲ့ရတဲ့ ကံပေါက်ဒေသခံတစ်ဦးက “ကျနော့်ဘေးတွဲမှာလိုင်စင်အကုန်ပါတယ်။ လူနှစ်ယောက်ပါလို့ဆိုပြီး တစ်ယောက်တစ်သောင်းနှုန်းနဲ့နှစ်သောင်းပေးခဲ့ရတယ်။ ဘာကြောင့်ဖမ်းမှန်းတိတိကျကျမပြောဘူး။ ဖမ်းချင်လို့ကိုဖမ်းနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးငွေညှစ်နေတဲ့ရပ်ကွက်က ဆယ်အိမ်မှူးတွေနဲ့သိတဲ့ လမ်းသွားလမ်းလာအချို့ကတော့ အဲဒီဆယ်အိမ်မှူးတွေရဲ့အာမခံချက်နဲ့ ငွေမပေးရဘဲ လွတ်လာတဲ့သူတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။
မနက် ၄ နာရီမတိုင်ခင်အချိန်ဟာ ကံပေါက်စျေးမှာ စျေးရောင်းမဲ့သူတွေနဲ့ အဲဒီစျေးမှာပစ္စည်းဝယ်ပြီး တခြားဒေသမှာသွားရောင်းတဲ့ ဘေးတွဲဆိုင်ကယ်စျေးသည်တွေရဲ့ သွားလာတဲ့တဲ့အချိန်ဖြစ်တာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ဒေသခံအများစုဟာ တပိုင်တနိုင်စျေးသည်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးကြောင့် အမည်လွှဲပြီး ဖော်ပြဖို့ တောင်းဆိုခဲ့တဲ့ ကံပေါက်ဒေသခံကိုဆဲဗင်းကတော့ “သုံးသောင်းဆိုတာက တနေ့တာအမြတ်တစ်ဝက်တောင်မကဘူးလေ။ ဒီကောင်တွေနဲ့တွေ့ရင် အရင်းပါမကျန်တော့မှာ။ ဒါကြောင့်ဒီနေ့စျေးရောင်းမထွက်တော့ဘူး။” လို့ ပြောပါတယ်။
ဆိုင်ကယ်စီးခွင့်ပိတ်ထားတဲ့အတွက် ပိုက်ဆံလေးသိန်းနီးပါးကုန်ခံပြီး ဘေးတွဲတပ်စီးနေပေမဲ့ ဆက်လက်ဖမ်းဆီးငွေညှစ်ခံနေရတဲ့အတွက် မခံချိမခံသာဖြစ်နေတယ်လို့ ကံပေါက်ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ကဖမ်းဆီးငွေညှစ်ခဲ့တဲ့နေရာနှစ်နေရာထဲက ရပ်တော်မူဘုရားဟာ ကံပေါက်စျေးနဲ့ ဓာတ်မီးတိုင်လေးတိုင်ခန့်သာခြားပြီး အဲဒီစျေးကိုသွားမဲ့ဒေသခံတွေ မဖြစ်မနေဖြတ်သွားရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဒီကနေ့မနက်က လမ်းသွားလမ်းလာတွေကိုဖမ်းဆီးငွေညှစ်တာကို စစ်ကောင်စီတပ်က တစ်နာရီခန့်ပြုလုပ်ခဲ့ပြီး နောက်နေ့တွေမှာလည်း အခုလိုရုတ်တရက်ငွေညှစ်တာတွေရှိလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
အာဏာသိမ်းပြီးနောက် ကံပေါက်ဒေသရဲ့ ညမထွက်ရသတ်မှတ်ထားတဲ့အချိန်ဟာ ည ၁၀ နာရီကနေ မနက် ၄ နာရီထိဖြစ်ပြီး အခုနှစ် မတ်လ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန်မှာတော့ ည ၈ နာရီကနေ နံနက် ၅ နာရီထိ အချိန်ပြောင်းလဲကန့်သတ်ခဲ့ပါတယ်။ အခုလိုပြောင်းလဲကန့်သတ်လိုက်ပြီးနောက် ဒီကနေ့ထိ စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာထုတ်ပြန်အသိပေးတာမျိုးတော့ မရှိသေးပါဘူး။
ကံပေါက်ဒေသဟာ အခုနှစ် ဇန်နဝါရီလက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်ခတ်ခံရပြီးကတည်းက ဒီကနေ့ထိ ဆိုင်ကယ်စီးခွင့်ပိတ်ခံထားရတဲ့ ဒေသဖြစ်ပါတယ်။ ငွေကြေးတတ်နိုင်တဲ့ဒေသခံတွေကတော့ ဆိုင်ကယ်မှာဘေးတွဲတပ်ဆင်အသုံးပြုလာကြသလို မတတ်နိုင်တဲ့ဒေသခံတွေကတော့ ဆိုင်ကယ်အနောက်မှာ ရာဘာပုံးဖြစ်စေ၊ ကြိမ်ခြင်းဖြစ်စေ ခြင်းနှစ်လုံးတပ်ဆင်အသုံးပြုပြီး ဆိုင်ကယ်စီးနင်းခဲ့ကြပါတယ်။
ဆိုင်ကယ်အနောက်မှာ ခြင်းနှစ်လုံးတပ်ဆင်အသုံးပြုသွားလာနေကြတာကိုလည်း အခုနှစ်မေလမှာ စစ်ကောင်စီတပ်က ဖမ်းဆီးအရေးယူမယ်လို့ ပါးစပ်အမိန့်နဲ့ ကြေညာခဲ့တဲ့အတွက် ကံပေါက်ဒေသက အခြေခံလူတန်းစားတွေဟာ သွားရေးလာရေး ပိုခက်ခဲလာခဲ့ကြပါတယ်။
ဒီကနေ့မှာတော့ ဘေးတွဲစီးသူ၊ သုံးဘီးဆိုင်ကယ်စီးသူနဲ့ ခြင်းနှစ်လုံးတပ်ပြီးပုန်းလျှိုးကွယ်လျှိုးစီးနေတဲ့ ပြည်သူတွေအကုန်လုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်ခဲ့တာပဲ ဖြစ်ပါတယ်။
The Tanintharyi Times