အမေရိကန်၊ ပြင်သစ်နဲ့ ဆွီဒင်သံရုံး ဖေ့ဘုတ်ပရိုဖိုင်းတွေ ဝမ်းနည်းခြင်းသဘောဆောင်တဲ့ အနက်ရောင်ပြောင်းလဲ

အမေရိကန်၊ ပြင်သစ်နဲ့ ဆွီဒင်သံရုံး ဖေ့ဘုတ်ပရိုဖိုင်းတွေ ဝမ်းနည်းခြင်းသဘောဆောင်တဲ့ အနက်ရောင်ပြောင်းလဲ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ပြင်သစ်သံရုံးနဲ့ ဆွီဒင်သံရုံးတို့ဟာ သူတို့ရဲ့ဖေ့ဘုတ် ပရိုဖိုင်းပုံတွေကို ဒီကနေ့ မှာ ဝမ်းနည်းခြင်းသဘောဆောင်တဲ့ အနက်ရောင်ပြောင်းလဲခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူ ၂,၀၀၀ အတွက် ဝမ်းနည်းပူဆွေးကြောင်းကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စာထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်း ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို စစ်တပ်က တာဝန်ရှိသူတွေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ အပူတပြင်းလိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ဒါအပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား(llMM)ကို ပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်တာကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ အာဏာသိမ်းချိန်ကစပြီး ဇွန်လ ၂၁ ရက်နေ့အထိ သတ်ဖြတ်ခံရတဲ့ပြည်သူ ၂၀၀၀ ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူ စုစုပေါင်း ၁၄၂၁၃ဦးရှိပြီး သူတို့ထဲက ၁၁၁၅၁ဦး ယခုအချိန်အထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

The Tanintharyi Times