စစ်ကောင်စီစွမ်းအင်ဝန်ကြီးမိသားစုပိုင် EQM ကုမ္ပဏီက စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတွေအတွက် ဝန်ဆောင်မှုတွေ ပေးနေ

စစ်ကောင်စီစွမ်းအင်ဝန်ကြီးမိသားစုပိုင် EQM ကုမ္ပဏီက စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတွေအတွက် ဝန်ဆောင်မှုတွေ ပေးနေ

စစ်ကောင်စီစွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးရဲ့ဇနီးဖြစ်သူ တည်ထောင်ထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်း EQM က စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတွေ အတွက် ဝန်ဆောင်မှုတွေ ပေးနေတယ်လို့ Justice for Myanmar က ထုတ်ပြန် အသိပေးလာပါတယ်။

ဝန်ကြီးရဲ့ ဇနီးဖြစ်သူ ဒေါက်တာဥမ္မာမေတင်လှိုင်က Environmental Quality Management Company Limited (EQM) ကို၂၀၁၂ ခုနှစ်အတွင်း ကုမ္ပဏီမှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီဝဘ်ဆိုဒ် ဖော်ပြချက်အရ လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ စီမံကိန်း ၈၇ ခု ရှိပါတယ်။

ယင်းလုပ်ငန်းတွေထဲမှာ ကရင်ပြည်နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်က စစ်တပ်ရဲ့ ဦးပိုင်က ထိန်းချုပ်ထားတဲ့ ဘိလပ်မြေစက်ရုံအတွက် လေထုညစ်ညမ်းမှုနဲ့ ဆူညံမှုစောင့်ကြည့်လေ့လာရေးဆောင်ရွက်ပေးတာ၊၂၀၁၆ ခုနှစ်က ဦးပိုင်က ထိန်းချုပ်ထားတဲ့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းအတွက် ကနဦးသဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်မှုနဲ့ စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲလုပ်ဆောင်ပေးတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင်၂၀၁၂ ခုနှစ်က လက်ပံတောင်းကြေးနီတူးဖော်ရေးလုပ်ငန်းအတွက် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာရေးတို့ ဆောင်ရွက်ခဲ့တယ်လို့လည်း Justice for Myanmar က ထုတ်ပြန် ပါတယ်။

EQM က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအများစုက ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေအတွက်ဖြစ်ပြီး၊ စစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှု မတိုင်မီ အဲံဒီစီမံကိန်းတွေအားလုံးနီးပါး ပြီးစီးထားပြီး ဖြစ်ပါတယ်။ လုပ်ငန်းအပ်တဲ့ ဖောက်သည်တွေ ထဲမှာ TotalEnergies၊ ONGC Videsh၊ ENI, POSCO International၊ PTTEP၊ Petronas, Shell နဲ့ Petroleum Brunei တို့ ပါဝင်ပါတယ်။

စွမ်းအင်ဝန်ကြီးနဲ့ ဇနီးဖြစ်သူက ကုမ္ပဏီက တဆင့် မြန်မာနိုင်ငံမှာလုပ်ကိုင်ဆောင်ရွက်နေကြတဲ့ လောင်စာဆီထုတ်လုပ်ရေးနဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေဆီကနေ အကျိုးအမြတ်တွေ ရရှိနေတာဟာ အကျိုးစီးပွားပဋိပက္ခရှိနေတယ်ဆိုတာ ထင်ရှာနေပါတယ်။

ဦးမျိုးမြင့်ဦးက ၂၀၁၄ ခုနှစ်မှာ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း – MOGE ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်လို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကို ကြီးကြပ်ရတဲ့၊ နိုင်ငံတော်ကိုယ်စား အခွန်ကောက်ခံသူအဖြစ်ရော၊ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ စီးပွားရေး မိတ်ဖက်အဖြစ်နဲ့ပါ ဆောင်ရွက်သူ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ စစ်ကောင်စီက ၎င်းကို စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့အချိန်အထိ ၈ နှစ်ကြာ MOGE ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

၎င်းကို အမေရိကန်ပြည်ထောင်စု၊ အီးယူနဲ့ ကနေဒါနိုင်ငံ တို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပေမဲ့ ဩစတြေးလျနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်တာမျိုး မရှိသေးသလို ဇနီးဖြစ်သူ ဒေါက်တာဥမ္မာမေတင်လှိုင် ကိုလည်း ဘယ်နိုင်ငံကမှ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်းမျိုး မရှိသေးပါဘူး။

EQM ရဲ့ လုပ်ငန်းရှင်ဖောက်သည်တွေထဲမှာ ONGC Videsh, POSCO International နဲ့ PTTEP တို့က မြန်မာနိုင်ငံမှာ ဆက်ရှိနေပြီး၊ စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် ငွေကြေးပံ့ပိုး နေကြပါတယ်။

စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာ EQM က TotalEnergies အတွက် ပတ်ဝန်းကျင်လေထု အရည်အသွေးစောင့်ကြည့်လေ့လာရေး ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့ပြီး၊ အဲ့ဒီဝန်ဆောင်မှုက ၂၀၂၂ ခုနှစ်မှာ ပြီးမြောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာ TotalEnergies က ဦးမျိုးမြင့်ဦးရဲ့ သမီးဖြစ်သူ လင်းဟေသီဦးကို ကုမ္ပဏီရဲ့ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင်ဌာနမှာ ငါးလကြာ အလုပ်သင်ဆင်းခွင့် ပေးအပ်ခဲ့တယ်လို့ လင်းဟေသီဦးရဲ့ Linkedin Profile အရ သိရတယ်လို့ Justice for Myanmar က ရေးသားထားပါတယ်။

မျိုးမြင့်ဦးရဲ့သမီးဖြစ်သူဟာ ဩစတြေးလျနိုင်ငံမှာ ပညာသင်ယူနေပြီး၊ သူမရဲ့ ဖခင်ဖြစ်သူ ရာထူး၊ မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ငွေကြေးအရ အကျိုးအမြတ်တွေ ရရှိနေနိုင်ကြောင်း ဒါကို ဩစတြေးလျ အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးသင့်ကြောင်း Justice for Myanmar က ထောက်ပြထားပါတယ်။

ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ ဦးမျိုးမြင့်ဦး၊ ဒေါက်တာဥမ္မာမေတင်လှိုင်၊ EQM ကုမ္ပဏီ၊ MOGE နဲ့ မြန်မာ့ရေနံဓာတုလုပ်ငန်း (MPE) တို့ကို အာဏာပိုင်နယ်မြေတစ်ခုချင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

EQM အတွက် လုပ်ငန်းရှင်တွေဖြစ်ခဲ့ကြတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေအနေနဲ့ အဲ့ဒီကုမ္ပဏီကို ပေးချေခဲ့တဲ့ ငွေပေးချေမှုအားလုံးကို ထုတ်ပြန်သင့်ကြောင်း TotalEnergies အနေနဲ့ လင်းဟေသီဦးကိုပေးအပ်ခဲ့တဲ့ အလုပ်သင်နဲ့ ပတ်သက်ပြီး အလုပ်သင် ဘယ်လိုပေးအပ်ခဲ့တယ်၊ အလုပ်သင်အတွက် ငွေကြေးပေးအပ်ခဲ့ရမှုရှိမရှိဆိုတာ အပါအဝင် သက်မှတ်ချက်အခြေအနေ တွေကို ထုတ်ပြန်သင့်တယ်လို့ JFMက ထောက်ပြထားပါတယ်။

Jutice For Myanmar က TotalEnergies နဲ့ PETRONAS တို့ကို မေးမြန်းခဲ့ပေမဲ့ တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

POSCO International ကတော့ EQM ရဲ့ လုပ်ငန်းရှင်မိတ်ဖက်ဖြစ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ နောက်ထပ်မေးမြန်းမှုတွေကို တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ဘူးလို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times