တနင်္သာရီမှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ဗုံးကြဲလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ
တနင်္သာရီမှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ဗုံးကြဲလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

တနင်္သာရီမြို့နယ်က သူဌေးရွာ၊ ဘန်းပြည့်ရွာ နဲ့ သိန္ဒောရွာ အနီးဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိန္ဒောရွာ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက Mi-2 ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ မွန်းလွဲ ပိုင်း ၃ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ ၅ နာရီခွဲခါနီးမှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ကြဲချခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုပထမအကြိမ်မှာ ဗုံးသီး ၁၅ လုံးထက်မနည်း ကြဲချခဲ့ပြီး ဒုတိယအကြိမ်မှာ ၁၀ လုံးထက်မနည်း ကြဲချသွားတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေက ပြောပြပါတယ်။
“ တိုက်ပွဲမရှိပဲနဲ့ ကြဲတာပါဗျ။ ကြဲသွားတဲ့ ရွာတွေကတဆက်ထဲပဲ” လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) က ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ရဲဘော်တွေကပြောကြပေမဲ့ ထိခိုက်သူရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ဗုံးကြဲမှုကြောင့် နေအိမ်အချို့မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပေမဲ့ အရေအတွက် အတိအကျကို အတည်ပြုနေဆဲဖြစ်ပါတယ်။
လက်ရှိမှာ ဗုံးကြဲခံခဲ့ရတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင် ပုန်းခိုနေကြရပြီး ဖုန်းလိုင်းမရတော့တဲ့အတွက် အဆက်အသွယ်လည်း ပြတ်နေတယ်လို့ သိန္ဒောရွာမှာ မိသားစုဝင်တွေနေရှိတဲ့ တကူရွာက အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
“ ညနေက ကျမအကိုနဲ့နောက်ဆုံးဖုန်းရတုန်းက ဗုံးကြဲခံရတယ်လို့ သိရပါတယ်။ သူတို့ နီးရာပြေးနေကြတယ်လို့ပဲ သိလိုက်ပြီး ဖုန်းအဆက်အသွယ်ပြတ်သွားတာပါ” လို့ အမျိုးသမီးက ဆိုပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြင်းထန်လာခဲ့ပြီး လေကြောင်းအန္တရာယ်ကြောင့် အရပ်သား ၂ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။
The Tanintharyi Times