“ဒီချိန်မှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေသာ မရှိရင်၊ တော်လှန်ရေးဟာ အရှိန်သေသွားနိုင်တယ်”
“ဒီချိန်မှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေသာ မရှိရင်၊ တော်လှန်ရေးဟာ အရှိန်သေသွားနိုင်တယ်”
လူထုသပိတ်လှုပ်ရှားမှုတွေ တစ်နိုင်ငံလုံးမှာ အရှိန်ကျလာပေမယ့် လောင်းလုံးမြို့နယ်မှာတော့ အဆက်မပြတ်လှုပ်ရှားနေတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ အန္တရယ်ကြားကနေ သပိတ်လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိနေအောင် ဘယ်လို ခံယူချက်တွေနဲ့ လုပ်ဆောင်နေသလဲ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိနေပါသလဲ။ လောင်းလုံးမြို့နယ်က လူထုသပိတ်လှုပ်ရှားမှုဦးဆောင်နေသူတစ်ဦးကို The Tanintharyi Times က တွေ့ဆုံမေးမြန်း ထားပါတယ်။
(တောင်ပိုင်းသားတို့ အသံ)
မေး။ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုကို ဘယ်အချိန်ကစပြီး လုပ်ဆောင်ဖြစ်ခဲ့လဲ။
ဖြေ။ အာဏာသိမ်းဖြစ်စဥ်ဖြစ်ပြီး ၅ရက်အကြာကတည်းကပါ။ အရင်နှစ် ဖေဖော်ဝါရီလ ၅ရက်၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်၊ အာဇာနည်လမ်းမပေါ်ထွက်ပြီး လူငယ် ၃၀လောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တဲ့အချိန်မှာ ကျနော်လည်း ပါဝင်ခဲ့ပါတယ်။
မေး။ ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရဖူးတာရှိလဲ။
ဖြေ။ အဓိကကတော့ လုံခြုံရေးနဲ့ နေစရာအခက်အခဲပါ။ တစ်ခါက အိမ်ဝင်ဝိုင်းခံရပြီး သူငယ်ချင်းတွေရဲ့ ဆိုင်ကယ်တွေ ပါသွားလို့ သွားဖို့လာဖို့အခက်အခဲဖြစ်တာတွေနဲ့ လုံခြုံတဲ့ နေရာရှာဖွေရတဲ့ အခက်အခဲတွေက ကြီးကြီးမားမားရှိပါတယ်။
မေး။ အသက်အန္တရာယ် ဒါမှမဟုတ် အဖမ်းခံရမယ့် အခြေအနေမျိုးနဲ့ ကြုံခဲ့ရဖူးတာရှိလား။
ဖြေ။ ရှိခဲ့ဖူးပါတယ်။ အဆိုးဆုံးကတော့ ဖေဖော်ဝါရီ ၂၈နဲ့ မတ် ၁၈ဖြစ်စဥ်တွေပါ။ ထားဝယ်မှာ ဖေဖော်ဝါရီ ၂၈ရက်ကတော့ အကြမ်းဖက်စစ်သားတွေက ကျည်အစစ်တွေသုံးပြီး ပစ်ခတ်မှုကြောင့် ရဲဘော် (၄)ဦးကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်။ အဲနေ့က ပစ်ခတ်မှုကြားမှာ ကျနော်လည်းရှိနေခဲ့တယ်။ ကျနော့် အရှေ့နဲ့ နံဘေးက ရဲဘော်တွေ ကျည်အစစ်တွေနဲ့ ပစ်ခံရပြီး ဒဏ်ရာရခဲ့ကြတယ်။ အဲနေ့မှာ ကျဆုံးသွားတဲ့ ကိုလွင်လွင်ဦးဆိုလည်း ကျနော်နဲ့ မလှမ်းမကမ်းမှာပဲ့ ပစ်ခံခဲ့ရတာ။ မတ်လ ၁၈ရက် ကတော့ ကျနော်တို့ သပိတ်ရဲဘော်တွေ နေတဲ့အိမ် အင်အားအလုံးအရင်းနဲ့ ဝင်ဝိုင်းခံရတယ်။ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်မှာပါ။ အဲနေ့ကလည်း အရဲစွန့်ပြီး ထွက်ပြေးလို့သာ အဖမ်းမခံခဲ့ရတာ။ ဒါတောင် အနောက်ကနေ သေနတ်နဲ့ လိုက်ပစ်ခဲ့သေးတာ။ တစ်ချက်မှတော့ မထိခဲ့ဘူး။ သပိတ်စစ်ကြောင်းထွက်တုန်း ပစ်ခတ် ဖြိုခွင်းခံရတာလည်း အကြိမ်ကြိမ်ပါပဲ။
မေး။ လက်ရှိအခြေအနေမှာ သပိတ်လှုပ်ရှားမှု ဦးဆောင်နေရသူတစ်ယောက် အနေနဲ့ ဘယ်လိုလှုပ်ရှားရုန်းကန်နေရသလဲ။
ဖြေ။ အဓိကရုန်းကန်ရတဲ့ အချက်ကတော့ ပြည်သူတွေကို စည်းရုံးဖို့ကိစ္စပါ။ လက်နက်ကိုင်လမ်းစဥ်ပေါ်လာတော့ ပြည်သူတွေက သပိတ်လှုပ်ရှားမှုတွေအပေါ် အယုံအကြည်မရှိတော့ဘူး။ သပိတ်တွေ မလိုအပ်ဘူး ထင်လာကြတာ။ အဲကျ ကျနော်တို့ သပိတ်လှုပ်ရှားမှုတွေကို အရင်ကလောက် အားမပေးတော့ဘူး။ သပိတ်လှုပ်ရှားမှုဆိုတာကလည်း ပြည်သူတွေရဲ့ထောက်ခံအားပေးမှုရှိမှသာ ရပ်တည်နိုင်မှာလေ။
မေး။ တစ်နိုင်ငံလုံးမှာ လူထုသပိတ်လှုပ်ရှားမှုတွေ အရှိန်ကျလာပေမယ့် လောင်းလုံးမြို့နယ်မှာတော့ အဆက်မပြတ်လှုပ်ရှားနေတာတွေ့ရတယ်။ ဒီသပိတ်လှုပ်ရှားမှုအဆက်မပြတ်ရှိနေအောင် ဘယ်လိုတွေလုပ်ဆောင်နေလဲ။
ဖြေ။ စစ်တိုက်တဲ့အခါကျ တပ်ရင်း၊ တပ်ခွဲ၊ တပ်စုတွေ ဖွဲ့ပြီးတိုက်သလိုမျိုးပဲ။ကျနော်တို့ကလည်း အကြမ်းမဖက်လူထုလှုပ်ရှားမှုကို အယုံအကြည်ရှိတဲ့ အမာခံရဲဘော်တွေကို သေချာစုထားတာ။ ရဲဘော်တွေအနေနဲ့ ကျနော်တို့ခေါ်လို့ သပိတ်ထွက်လိုက်ရတဲ့ ပုံစံမျိုးမဟုတ်ဘဲ လှုပ်ရှားမှုတိုင်းအတွက် ရဲဘော်တွေအကုန်လုံး ပါဝင်ဆွေးနွေး ဆုံးဖြတ်နိုင်အောင် လမ်းကြောင်းတွေဖွင့်ထားတယ်။ နောက်ပြီး ရဲဘော်တွေအနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ အရေးကြီးပုံတွေနဲ့ပတ်သက်ပြီး သေချာသိရအောင် knowledge sharing တွေအမြဲလုပ်တယ်။ ဒီနည်းလမ်းတွေကြောင့် ကျနော်တို့ လောင်းလုံးမြို့နယ်ထဲမှာ သပိတ်လှုပ်ရှားမှုတွေ အခုထက်ထိ အားကောင်းနေတာလို့ ဆိုနိုင်ပါတယ်။
မေး။ လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်တွေ ပေါ်လာတဲ့နောက်ပိုင်း လူထုသပိတ်လှုပ်ရှားမှုတွေက အရင်ကထက် အားပျော့သွားတာမျိုးတွေ့ရတယ်။ ဘာကြောင့်အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေ ရှိနေဖို့လိုအပ်တယ်ဆိုတာ ပြောပြပေးပါလား။
ဖြေ။ လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်ဆိုတာက အချိန်ယူတည်ဆောက်ပြီး အကောင်ထည်ဖော်မှပဲ ရတယ်။ အခုချိန်မှာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်က တည်ဆောက်ဆဲကာလပဲ ရှိသေးတယ်။ ကောင်းကောင်း အကောင်ထည်မဖော်နိုင်သေးဘူး။ အဲလိုအချိန်မျိုးမှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေကို ရပ်ပစ်လိုက်လို့မရဘူး။ ပိုအားကောင်းအောင်တောင် ကြိုးစားရမှာ။ဒီချိန်မှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေသာ မရှိရင် တော်လှန်ရေးဟာ အရှိန်သေသွားနိုင်တယ်။ တော်လှန်ရေးအောင်မြင်ဖို့ဆို နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုကလည်း အရမ်းအရေးကြီးတယ်။ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုရဖို့အတွက်ဆို သပိတ်လှုပ်ရှားမှုတွေကလည်း အရေးကြီးတဲ့ အနေအထားမှာရှိတယ်။ တော်လှန်ရေးရဲ့ အဓိက ပြယုဂ်က သပိတ်လှုပ်ရှားမှုတွေပဲ။ နောက်ပြီး စကစအတွက်လည်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်တစ်ခုကိုပဲအာရုံစိုက်နေရတာမျိုးဆို လက်နက်ကိုင်တော်လှန်ရေးရဲဘော်တွေအတွက် အခက်အခဲတွေအများကြီး ပိုကြုံလာနိုင်တယ်။ လောင်းလုံးလို ဒေသမျိုးဆို ပထဝီအနေအထားရ လက်နက်ကိုင်ချဖို့ဆိုတာက မလွယ်ဘူး။ ဒါကြောင့် လောင်းလုံးမှာဆို အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေပိုလို့တောင် လိုအပ်သေးတယ်။
မေး။ လူထုသပိတ်လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ နောက်ပိုင်းဘယ်လိုအခက်အခဲတွေ ကြုံလာရတာရှိလဲ။
ဖြေ။ အဓိကက ပြည်သူထောက်ခံမှုပါ။ ပြည်သူတွေအနေနဲ့ လူထုသပိတ်တွေကို ယုံကြည်မှုမရှိတော့ရင် ကျနော်တို့အတွက် လုပ်ရကိုင်ရတာ တော်တော်အကျပ်တွေ့စေတယ်။ ပြည်သူလူထုက ကောင်းကောင်းထောက်ခံရင် ဘယ်လိုအခက်အခဲပဲ ရှိရှိ ကျနော်တို့ ရင်ဆိုင်နိုင်ပါတယ်။
မေး။ စစ်အာဏာရှင်တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘာတွေမျှော်လင့်ထားသလဲ။
ဖြေ။ ပြည်သူလူထုတစ်ရပ်လုံးသာ လုံးဝအားမလျော့ဘဲ ဆက်ပြီးတော့ အင်တိုက်အားတိုက်ပါဝင်နေမယ်ဆိုရင် တော်လှန်ရေးက မြေကြီးလက်ခတ်မလွဲ အောင်မြင်မှာပါ။ ကျနော်တို့က စစ်အာဏာရှင်တွေကိုမှ မဟုတ်ဘူး မကောင်းတဲ့စနစ်၊ မကောင်းတဲ့ အတွေးအခေါ်တွေကိုလည်း တော်လှန်ပစ်ဖို့လိုတယ်။ စစ်အာဏာရှင်စနစ်အလွန်ကာလမှာ အတွေးအခေါ် ကောင်းကောင်း၊စနစ်ကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းတစ်ခု ပေါ်လာလိမ့်မယ်လို့ လည်းမျှော်လင့်ပါတယ်။
မေး။ ပြည်သူတွေကိုဘာများပြောချင်တာရှိပါသလဲ။
ဖြေ။ ဒီတော်လှန်ရေးသာ မအောင်ရင် ကျနော်တို့ရဲ့ ဘဝ၊ ကျနော်တို့ မျိုးဆက်သစ်တွေရဲ့ ဘဝတွေဟာ အကုန် စုတ်ပြတ်သတ်သွားမှာ။ တော်လှန်ရေး အောင်မြင်ဖို့ အဓိက အရေးပါဆုံးအချက်က ပြည်သူလူထု ပူးပေါင်းပါဝင်မှုပါ။ ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံး အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ပြီးတော့ အာဏာရူးစစ်ဘီလူးတွေကို တော်လှန်ကြပါ။ သိပ်မဝေးတော့တဲ့ အချိန်ကာလတစ်ခုဆီရောက်ရင် ကျနော်တို့တိုင်းပြည်ရဲ့ တောက်ပတဲ့အနာဂတ်တွေကို မြင်ရတော့မှာပါ လို့ပြောချင်ပါတယ်။
