အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီကို မဖိတ်
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီကို မဖိတ်
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်တွင် မတ်လကုန်ပိုင်း၌ ကျင်းပရန် စီစဉ်ထားသော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကို ဖိတ်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အာဆီယံခေါင်းဆောင်များအား မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ ဝါရှင်တန်သို့ ဖိတ်ခေါ်၍ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားပြီး အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားပြု အဖြစ် နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်မည်ဖြစ်ကြောင်း အမေရိကန်က ဆိုသည်။
“အမေရိကန်က အာဆီယံရဲ့ ရပ်တည်ချက်ကို ထောက်ခံသောအားဖြင့် မြန်မာက နိုင်ငံရေးရာထူးရှိသူကို မဖိတ်ပါဘူး။ ဒီထိပ်သီးအစည်းအဝေးကို နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ပါမယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင့် ထိုသို့ နိုင်ငံရေး ကိုယ်စားပြုသူ မဖိတ်ရန် ဆုံးဖြတ်ရခြင်းဖြစ်ပြီး မည်သူကို ဖိတ်မည်ဆိုသည့် အချက်နှင့် ပတ်သက်၍မူ အတိအကျ ပြောဆိုခြင်းမရှိပေ။
အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးရာထူး မရှိသူကို စေလွှတ်ရန် အာဆီယံက ဖိတ်ကြားခဲ့ရာ၌ စစ်ကောင်စီက လက်မခံဘဲ အာဆီယံ၏ လုပ်ရပ်မှာ ပြည်တွင်းရေးကို စွက်ဖက်ရာရောက်ကြောင်း တုန့်ပြန်ခဲ့သလို မည်သည့် ကိုယ်စားလှယ်ကိုမျှလည်း စေလွှတ်ခဲ့ခြင်း မရှိပေ။
ကိုးကား – VOA
