အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ရက်ရွှေ့
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ရက်ရွှေ့
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်တွင် မတ်လကုန်ပိုင်း၌ ကျင်းပရန် စီစဉ်ထားသော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအား သတ်မှတ်ရက်အတိုင်း မကျင်းပနိုင်သဖြင့် နောက်ဆုတ်ရမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
မြန်မာစစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ရန် ဆုံးဖြတ်ထားသည့် အဆိုပါ အစည်းအဝေးမှာ မူလက မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပရန် လျာထားခဲ့ပြီး အာဆီယံနိုင်ငံ ခေါင်းဆောင်အချို့က သတ်မှတ်ရက်တွင် အစည်းအဝေး မတက်နိုင်သဖြင့် နောက်ဆုတ်ရခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားက ဆိုသည်။
ရွှေ့ဆိုင်းပြီးနောက် မည်သည့်ရက်တွင် ကျင်းပနိုင်မည်ကိုမူ မသိရသေးပေ။
အချို့သော အာဆီယံနိုင်ငံ ခေါင်းဆောင်များကလည်း ယင်းထိပ်သီးအစည်းအဝေးအား နှစ်ရက်ခန့် ရှေ့တိုး ကျင်းပရန် အဆိုပြုခဲ့သဖြင့် အစည်းအဝေးအား ရွှေ့ဆိုင်းထားရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောဆိုထားသည်။
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာ၌ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းများ၊ ကပ်ရောဂါဘေးမှ ပြန်လည်ထူထောင်ရေး ကိစ္စနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး ဆွေးနွေးရန် စီစဉ်ထားသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများ နည်းတူ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးရာထူး မရှိသူကိုသာ ဖိတ်ခေါ်မည်ဖြစ်ကြောင်း အမေရိကန်က ထုတ်ဖော်ပြောဆိုထားသည်။
ကိုးကား – ဘန်ကောက်ပို့စ်
