ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ အဓိကကန့်သတ်ချက်များ ပယ်ဖျက်
ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ အဓိကကန့်သတ်ချက်များ ပယ်ဖျက်

ဒေသတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ခရီးသွားလုပ်ငန်းအပေါ် အားထားမှီခိုကြသော ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့တွင် အသွားအလာ ကန့်သတ်ခြင်း ကွာရန်တင်း၊ ရောဂါ ကူးစက်ခံထားရခြင်း ရှိ-မရှိ ဆေးစစ်ခြင်း စသည့် ကိုဗစ်-၁၉ ဆိုင်ရာ အဓိက ကန့်သတ်ချက်များအား စတင်ပယ်ဖျက်လိုက်သည်။
လူဦးရေ သန်း ၁၀၀ နီးပါးရှိပြီး နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ခံရသူ နှစ်သိန်းခန့် ရှိနေဆဲဖြစ်သော ဗီယက်နမ်သည် နိုင်ငံတွင်းသို့ လာရောက်မည့် နိုင်ငံတကာ ခရီးသွားများအတွက် ကွာရန်တင်း သတ်မှတ်ချက်အား ပယ်ဖျက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာသည်။
သို့သော် ဗီယက်နမ်သို့ လာရောက်မည့် ခရီးသွားများအနေနှင့် ကိုဗစ်-၁၉ ကူးစက်ခံထားရခြင်း မရှိကြောင်း ဆေးလက်မှတ် ပြသရန် လိုအပ်ဦးမည်ဖြစ်သည်။
ထို့အပြင် ဗီယက်နမ်သည် ရုရှား၊ ဗြိတိန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ အပါအဝင် ဥရောပနှင့် အာရှဒေသရှိ ၁၃ နိုင်ငံမှ ခရီးသွားများအတွက် ပြည်ဝင်ခွင့် ဗီဇာမလိုအပ်ဘဲ ၁၅ ရက် လာရောက်လည်ပတ်နိုင်ရန် ခွင့်ပြုလိုက်သည်။
အလားတူ နိုင်ငံခြာသား ခရီးသွားများအတွက် ကွာရန်တင်း တစ်ရက်သာ သတ်မှတ်ထားသော ထိုင်းနိုင်ငံတွင် နိုင်ငံတွင်း မဝင်ရောက်မီ ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်မှု အဖြေ တောင်းခံခြင်းအား ပယ်ဖျက်မည်ဖြစ်ကြောင်း ကြေညာသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးမှသာ ကိုဗစ်-၁၉ ရှိ-မရှိ နှစ်ကြိမ် စစ်ဆေးရမည်ဖြစ်သည်။
ထို့အပြင် မေလမှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူအားလုံး မည်သည့် ကန့်သတ်ချက်မျှ မလိုဘဲ ဝင်ရောက်ခွင့် ပြုရန် ထိုင်းအစိုးရက စီစဉ်လျက်ရှိကာ ဇူလိုင် ၁ ရက်မှ စ၍ ကာကွယ်ဆေး မထိုးထားသူများ အပါအဝင် ခရီးသွားအားလုံးကို ပုံမှန်အတိုင်း ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဟု ထိုင်းကျန်းမာရေးဌာနက ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံသည်လည်း နိုင်ငံတကာ ခရီးသွားများအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထား ပြသနိုင်ပါက ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ-မရှိ ဆေးစစ်ရန် မလိုဘဲ ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ကြေညာသည်။
ကမ္ဘောဒီးယားသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းကပင် ပြည်တွင်းသို့ လာရောက်မည့် သူများအတွက် ကွာရန်တင်း သတ်မှတ်ချက်အား ပယ်ဖျက်ထားခဲ့ပြီးဖြစ်သည်။
ကိုးကား – ဘန်ကောက်ပို့စ်