စစ်ဘေးရှောင်တွေကိုနေရပ်ပြန်ဖို့ ဖိအားပေးဖူးတဲ့ ကြံ့ခိုင်ရေးပါတီဝင်ဟောင်း အသတ်ခံရ

စစ်ဘေးရှောင်တွေကိုနေရပ်ပြန်ဖို့ ဖိအားပေးဖူးတဲ့ ကြံ့ခိုင်ရေးပါတီဝင်ဟောင်း အသတ်ခံရ

ပုံစာ - မီးရှို့ဖျက်ဆီးခံထားရတဲ့ ဦးရန်အောင်ရဲ့ ခရီးသည်တင်ကား။ (ဓာတ်ပုံ - ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ရပ်ကျေးဥက္ကဌ ဖြစ်ခဲ့တဲ့ ကော့သောင်းမြို့နယ်၊ အောင်သာယာရွာက အမျိုးသားတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မွန်းလွဲပိုင်းက အသက် ၃၆ နှစ်အရွယ်ရှိတဲ့ ဦးရန်အောင် ဟာ ကော့သောင်း-အောင်သာယာ သွားလမ်းပေါ်မှာရှိတဲ့ လေးရွာလို့ခေါ်တဲ့နေရာမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး သူ့ရဲ့ ခရီးသည်တင်ကားလည်း မီးရှို့ခံခဲ့ရတယ်လို့ ရွာခံတွေက ဆိုပါတယ်။

ဦးရန်အောင်ဟာ ကော့သောင်းမြို့နဲ့ ရှမ်းကိုးရွာအုပ်စုက ရွာတွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်မောင်းဖြစ်ပြီး ကော့သောင်းမြို့ကအပြန်မှာ အခုလိုအသတ်ခံလိုက်ရတာပါ။

“သူက ရွာမှာတိုက်ပွဲဖြစ်လို့ ထွက်ပြေးတဲ့သူတွေကို မလာမနေရ ဖိအားပေးခေါ်တယ်။ မလာရင် ခြံတွေသိမ်းမယ် အိမ်တွေပြည်သူပိုင်သိမ်းမယ်ဆိုပြီးခေါ်တာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဦးရန်အောင်ဟာ NLD အစိုးရလက်ထက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ရပ်ကျေးဥက္ကဌ ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သလို စစ်ကောင်စီအတွက် ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကိုသယ်ဆောင်ပေးတာ၊ စစ်မှုထမ်းဥပဒေအဝွက် လူသစ်စုဆောင်ပေးနေတဲ့သူဖြစ်တဲ့အတွက် အခုလိုပစ်သတ်ခဲ့တာလို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

“သူနောက်ဆုံးပြောတာက မလုပ်ပါနဲ့ နောက်မလုပ်တော့ဘူးပေါ့။ ဒါပေမယ့်ကျွန်တော်တို့အဖွဲ့က အကြိမ်ကြိမ်သတိပေးထားခဲ့ပြီးပါပြီ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းကပေါ့။”လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်အင်းဘီလူး က ပြောပါတယ်။

ဦးရန်အောင်ရဲ့ကားကို တားဆီးချိန် ကားပေါ်မှာ ခရီးသည်အမျိုးသမီးငါးဦးပါလာပြီး သူတို့ကိုတော့ သူတို့ရဲ့ပစ္စည်းတွေနဲ့အတူ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့အဆက်အသွယ်ရှိတဲ့သူတွေအနေနဲ့လည်း ပြည်သူဘက်ရပ်တည်ဖို့အတွက် ကော့သောင်း(ပကဖ)အနေနဲ့ တိုက်တွန်းထားပါတယ်။

အခုလ ၂၀ ရက်နေ့ မနက်ပိုင်းကလည်း ရှမ်းကိုးရွာအုပ်စု အေးမြသာယာရွာမှာ ဗိုလ်ချုပ်မြအထူးတပ်ရင်း တပ်ခွဲ(၂)က တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်ချုပ်မြအထူးတပ်ရင်း တပ်ခွဲ(၂)က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အေးမြသာယာရွာခံအမျိုးသားငါးဦးကိုတော့ စစ်ကောင်စီတပ်နဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့သံသယနဲ့ ဗိုလ်ချုပ်မြအထူးတပ်ရင်း တပ်ခွဲ(၂)က ဖမ်းဆီးထားတယ်လို့ ရွာခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်ကလည်း ဟတ်စဒင်းရွာက ရာအိမ်မှူး ဦးမြင့်ဆွေကို ကော့သောင်း(ပကဖ)က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times