သရက်ချောင်း ဥတ္တူရွာအနီးကတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံး

သရက်ချောင်း ဥတ္တူရွာအနီးကတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံး

ပုံစာ - ဒေါင်းညီနောင်စစ်ကြောင်းက သင်တန်းဆင်းပွဲတစ်ခု။

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာအနီးမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက မဲနယ်အိုးကျေးရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မနေ့က မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ ဥတ္တူရွာနဲ့ မဲနယ်အိုးရွာကြားတစ်ရက်တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မနက်ပိုင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းတစ်ခုဖြစ်တဲ့ ဒေါင်းညီနောင်စစ်ကြောင်းက တပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့တယ်လို့ ရဲဘော်တွေက ဆိုပါတယ်။

“စစ်တပ်က တိုးဝင်လာလို့ ပစ်ကြတယ်။ သူတို့ပစ်ခံရပြီးဖရိုဖရဲဖြစ်ကုန်လို့ ထပ်တိုးပြီးလိုက်သွားတဲ့အချိန်မှာ ရဲဘော်တွေဆီ လက်နက်ကြီးလာထိတာ။ နောက်ထပ်ရဲဘော်တချို့လည်း ဒဏ်ရာရကြတယ်” လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဥတ္တူတံတားစစ်ဆေးရေးဂိတ်နဲ့ သရက်ချောင်းမြို့ပေါ်မှာရှိတဲ့ တပ်ရင်းတွေကနေ လက်နက်ကြီးတွေ အများအပြားပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဘက်ကလည်း တိုက်ပွဲအတွင်း သေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် သရက်ချောင်းမြို့နယ်က မဲနယ်အိုး၊ ဥတ္တူနဲ့ အနီးအနားရွာတွေက ဒေသခံတွေ နေအိမ်စွန့်ခွာစစ်ဘေးရှောင်နေရပါတယ်။

လက်ရှိမှာလည်း သရက်ချောင်းမြို့ဘက်ကလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက်ဟာ ထားဝယ်-သရက်ချောင်း ကားလမ်းတစ်လျှောက်က ကျေးရွာတွေမှာ လူခွဲပြီး နေရာယူထားတယ်လို့ ဆိုပါတယ်။

အဲဒီထဲက ညောင်ဇင်ရွာမှာရောက်နေတဲ့စစ်ကောင်စီတပ်သားတွေကတော့ ဒီနေ့မနက်ပိုင်းမှာ လမ်းသွားလမ်းလာဒေသခံတချို့ကို ခေါ်ယူစစ်ဆေးနေပြီး နေအိမ်တချို့မှာ ပစ္စည်းတွေဝင်ယူနေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

အခုလ ၁၈ ရက်နေ့ကလည်း ရန်ကုန်-ထားဝယ်ကားလမ်းအရှေ့ဘက်ကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးပြီး ကင်းကုန်းရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီး မီးရှို့ခဲ့ပါတယ်။

The Tanintharyi Times