စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီဖို့ ထိုင်း အတိုက်အခံအမတ် တိုက်တွန်း

စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီဖို့ ထိုင်း အတိုက်အခံအမတ် တိုက်တွန်း

မြန်မာစစ်တပ်က ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ အကူအညီပေးဖို့ ထိုင်း အတိုက်အခံအမတ် ကန်နာဝီ ဆစ်ဘ်ဆန် တိုက်တွန်းလိုက်ပါတယ်။

မြန်မာ ပြည်သူတွေဟာ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာ အခြေအနေတွေ နဲ့ ကြုံတွေ့နေရကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတာဖြစ်လို့ ထိုင်းအစိုးရအနေနဲ့ အကူအညီပေးဖို့ လိုအပ်တယ်လို့ အတိုက်အခံပါတီတစ်ခု ဖြစ်တဲ့ FAIR ပါတီ အမတ် ကန်နာဝီ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံသား အများအပြားထိုင်းနိုင်ငံထဲ ကို “ထွက်ပြေး” လာခြင်းဟာ “တရားမဝင် ခိုးဝင်” လာတာ မဟုတ်ဘဲ အသက်ဘေးက လွတ်မြောက်ဖို့ ကြိုးစားနေမှုသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေ အများအပြား ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြပါတယ်။ ဒါဟာ တရားမဝင် ခိုးဝင်လာတာလို့ပြောလို့မရပါဘူး။ အသက်အန္တရယ် နဲ့ကြုံနေရလို့ ထွက်ပြေးလာတာဖြစ်ပါတယ်။ စစ်မြေပြင်မှာ အသေခံရမယ့်ဘေး ၊ ဒါမှမဟုတ်ပြည်သူအချင်းချင်း ပြန်သတ်ဖြတ်ရမယ့် ဘေးအန္တရယ်က ထွက်ပြေးလာတာ ဖြစ်ပါတယ်။ အဓမ္မစစ်မှု ထမ်းရမယ့် အန္တရယ်ကိုရှောင်လွဲခြင်းသာဖြစ်ပါတယ်”လို့ ကန်နာဝီ က ဆိုပါတယ်။

လတ်တလောမှာ မြန်မာစစ်အစိုးရက အလုပ်သမားတွေကို MOU စနစ်နဲ့ စေလွတ်တာကို ရပ်ဆိုင်းထားတယ်ဆိုတဲ့ သတင်းတွေ လည်းထွက်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားအင်အားပြတ်လပ်မှုဖြစ်ပေါ်မှာကို စိတ်ပူစရာ ရှိတယ်လို့ လည်း သူကပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေကို MOUစနစ် နဲ့ စေလွှတ်တာကို မြန်မာစစ်တပ်ဘက်က ရပ်ဆိုင်း လိုက်တယ်ဆိုတာမျိုးကြားနေရပါတယ်။ ဒါကိုကျွန်တော် သေချာမသိပါဘူး။ဒါပေမယ့် သေချာတာတစ်ခုကတော့ တကယ်လို့များ ထိုင်းအစိုးရက ထွက်ပြေးလာတဲ့ သူတွေကို မြန်မာပြည် ပြန်ပို့မယ်ဆိုရင်တော့ လူပေါင်းများစွာရဲ့ အသက်တွေ အတွက်စိုးရမ်စရာ ဖြစ်လာမှာပါ” လို့ အတိုက်အခံ အမတ် ကန်နာဝီ ကထောက်ပြခဲ့ပါတယ်။

ထိုင်းအစိုးရ အနေနဲ့ လာမယ့် ခြောက်လအတွင်းမှာ ဒီကိစ္စ တွေ အကူအညီပေးဖြေရှင်းဖို့ ရေရှည် စီမံကိန်းတစ်ရပ် ရေးဆွဲထားဖို့ လိုအပ်နေပြီလို့ လည်း သူတိုက်တွန်းခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် ကထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ် လို့ အခုလ ၁၉ ရက်နေ့ ကပြောကြားခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ မြန်မာ နိုင်ငံက ထွက်ပြေးလာတဲ့သူ တစ်ရက်ကို ၇၀၀ နဲ့ ၈၀၀ အကြားရှိတယ်လို့ လည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ရဲ့ စာရင်းအရသိရှိရပါတယ်။

မြန်မာစစ်ကောင်စီဟာ အခုလ ၁၀ ရက်နေ့မှာ အသက် ၁၈ နှစ်က နေ ၃၅ နှစ်အထိ အမျိုးသားတွေ နဲ့ အသက် ၁၈ နှစ်ကနေ ၂၇ ထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ့် ဥပဒေ ကို အသက်သွင်းလိုက်ပြီး လာမယ့် ဧပြီ လ မှာ စတင်အကောင်အထည်ဖော်မယ်လို့ ကြေညာခဲ့ပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန်( Kanvee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။

သူဟာ မြန်မာ စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထား မှုစင်္ကြံဖွင့်လှစ်နိုင်ဖို့ ထိုင်းလွှတ်တော် အဆိုတင်ခဲ့ဖူးတဲ့ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်ပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်

(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times