ကော့သောင်း၊ ရှမ်းကိုးရွာဒေသမှာ စစ်ကောင်စီတပ်သားတွေ ကိုယ်တိုင် သန်းခေါင်စာရင်းကောက်

ကော့သောင်း၊ ရှမ်းကိုးရွာဒေသမှာ စစ်ကောင်စီတပ်သားတွေ ကိုယ်တိုင် သန်းခေါင်စာရင်းကောက်

ပုံစာ - စစ်ကောင်စီ ဝန်ထမ်းတွေ နဲ့ စစ်တပ်အရာရှိတွေ သန်းခေါင်စာရင်း ကောက်ယူနေစဉ်

အရပ်သားတချို့ကိုပါ ဖမ်းဆီးသွား

တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၂၁

ကော့သောင်းမြို့နယ်၊ ရှမ်းကိုးရွာဒေသကရွာတွေမှာ စစ်ကောင်စီတပ်သားတွေကိုယ်တိုင် သန်းခေါင်စာရင်းလိုက်ကောက်နေတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အခုလ ၁၆ ရက်နေ့ကစပြီး ရှမ်းကိုးရွာဒေသ က မာရမ်း၊ ဆိပ်ဖူး၊ အောင်ချမ်းသာ၊ ရေတွင်းတောင်ရွာတွေမှာ စစ်ကောင်စီတပ်သားတွေကိုယ်တိုင် သန်းခေါင်စာရင်းလိုက်ကောက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အင်အား ၅၀ ကျော်နဲ့တစ်ရွာဝင်တစ်ရွာထွက်သွားလာပြီး သန်းခေါင်စာရင်းကောက်ယူပြီးစီးကြောင်း အထောက်အထားစာရွက်တွေကို အိမ်တိုင်းမှာလိုက်ကပ်နေတယ်လို့ ဆိုပါတယ်။

လူစာရင်းကောက်တာကိုတော့ အိမ်တိုင်းမှာကောက်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီတပ်က သံသယရှိတဲ့အိမ်တွေ သူတို့နဲ့သိပ်မရင်းနှီးတဲ့အိမ်တွေမှာသာ စာရင်းကောက်ယူသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“အတင်းအဓမ္မကြီး အိမ်တွေပေါ်တက်တက်ပြီး စာရွက်လိုက်ကပ်တာ။ စစ်ဖိနပ်လည်းမချွတ်ဘူး။ စစ်တဲ့အိမ်တွေကိုတော့ အိမ်ထောင်စုစာရင်းနဲ့အိမ်မှာနေတဲ့လူဦးရေတိုက်စစ်တယ် မရှိရင်ဘယ်သွားလဲဘာညာမေးတယ်။” လို့ ဘဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလ ၂၀ ရက်နေ့မှာ ရေတွင်းတောင်ရွာက အသက် ၅၀ နှစ်ဝန်းကျင်အရွယ် ဦးခင်ဦးနဲ့ အသက် ၃၈ နှစ်ဝန်းကျင်အရွယ် ကိုကျော်စိုး တို့ကို သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့က ရွာထိပ်နဲ့ ရွာဖျားမှာနေတဲ့သူတွေ။ ဘာအကြောင်းကြောင့်ခေါ်သွားလဲမသိဘူး။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရေတွင်းတောင်ရွာခံ အမျိုးသားနှစ်ဦးကို ဖမ်းသွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မနက် ၄ နာရီအချိန်က ရွာထဲက ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကြောင်းထွက်ပြီးနောက် ဦးခင်ဦးနဲ့ ကိုကျော်စိုးကို လိုက်ရှာပေမယ့် မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သန်းခေါင်စာရင်းလိုက်ကပ်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ၁၁ ရက်နေ့က ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အောင်ချမ်းသာရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

၂၀၂၄ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ရသေးတဲ့နေရာတွေကို အောက်တိုဘာ ၃၁ ရက်နေ့အထိ ရက်တိုးကောက်ယူမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာလထဲအထိ စစ်ကောင်စီက သန်းခေါင်စာရင်းဆက်ကောက်နေဆဲပါ။ ပုလော၊ မြိတ်၊ တနင်္သာရီနဲ့ ကော့သောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အခုနိုဝင်ဘာလထဲ စစ်ကောင်စီက သန်းခေါင်စာရင်းဆက်ကောက်နေဆဲဖြစ်ပါတယ်။

The Tanintharyi Times