ရေကြီးမှုကြောင့် လူ ၃၀၀ ကျော်သေဆုံးပြီး လူပေါင်း ၉ သိန်းနီးပါးရေဘေးသင့်
ရေကြီးမှုကြောင့် လူ ၃၀၀ ကျော်သေဆုံးပြီး လူပေါင်း ၉ သိန်းနီးပါးရေဘေးသင့်

မြန်မာပြည်မှာ ရေကြီးရေလျှံမှုဖြစ်ပြီး ၁၀ ရက်အတွင်းမှာ သေဆုံးခဲ့ရသူ သုံးရာကျော်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။
ရေဘေးကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူ အရေအတွက်ကလည်း ၉၀၀,၀၀၀ နီးပါး ရှိခဲ့တယ်လို့ UNOCHA ကဆိုပါတယ်။
ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း ပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ ၆၅ မြို့နယ်က နေရပ်စွန့်ခွာသူတွေ အပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့တယ်လို့ UNOCHA က ထုတ်ပြန်ထားတာပါ။
ရေဘေးကြောင့် ပြည်သူ ၃၀၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
မန္တလေးတိုင်းမှာ လူဦးရေ ၂၃၀ ကျော်နဲ့ အများဆုံး လူသေဆုံးမှု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ကိုလည်း ရမည်းသင်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ ၂၆ မြို့နယ်ကတော့ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး ၇၈ ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
ထိခိုက်မှု အများဆုံးနေရာတွေမှာ နေအိမ်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ ရေအရင်းအမြစ်နဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပျက်စီးမှု များပြားတဲ့အပြင် လမ်း၊ တံတား၊ ဆက်သွယ်ရေးကွန်ရက်၊ ကျောင်း၊ ပြည်သူ့ဝန်ဆောင်မှု အဆောက်အဦး၊ ဘာသာရေးအဆောက်အဦး၊ ကောက်ပဲသီးနှံနဲ့ လယ်ယာမြေတွေ အလုံးစုံပျက်စီးသွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
၂၀၂၄ အတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်ရေးစီမံကိန်း ရန်ပုံငွေဟာ ၂၇ ရာခိုင်နှုန်းသာ ရရှိထားတာကြောင့် ရန်ပုံငွေ မလုံးလောက်ဘူးလို့လည်း သိရပါတယ်။
ထပ်တိုးရန်ပုံငွေရရှိဖို့အတွက် UNOCHA အနေနဲ့ အားစိုက်ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပြီး လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အလျင်အမြန်စတင်နိုင်ဖို့ အရေးပေါ်ကယ်ဆယ်ရေး ယာယီ ညှိနှိုင်းရေးမှူးက အရေးပေါ်တုံ့ပြန်ရေး ဗဟိုရန်ပုံငွေ CERF ကနေ အမေရိကန်ဒေါ်လာ ၄ သန်း ခွဲဝေပေးဖို့ ခွင့်ပြုထားတယ်လို့ ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် ကနဦးတုံ့ပြန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ အခြေခံဆေးဝါး၊ အိမ်သုံးပစ္စည်း၊ အမိုးအကာ၊ အဝတ်အထည်၊ အရေးပေါ်ကြိုတင်ပြင်ဆင်ရေးအတွက် အသက်ကယ်ပစ္စည်း အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times