မော်တော်ဆိုင်ကယ် အရစ်ကျဝယ်ယူရာမှာနာမည်ခံပေးတဲ့ မြန်မာအလုပ်သမားနှစ်ထောင်ခန့် အလိမ်ခံရ

မော်တော်ဆိုင်ကယ် အရစ်ကျဝယ်ယူရာမှာနာမည်ခံပေးတဲ့ မြန်မာအလုပ်သမားနှစ်ထောင်ခန့် အလိမ်ခံရ

ပုံစာ - ရနောင်းခရိုင်ရဲမှူး၊ ထိုင်း-မြန်မာနယ်ခြားကော်မတီက ကော်မတီဝင် ဦးထင်လင်းဆွေနဲ့ အကူအညီလိုအပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရနောင်းမြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အစည်းအဝေးလုပ်နေကြစဉ်။(ဓာတ်ပုံ-ပေးပို့)

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကိုရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ထောင်လောက်ဟာ မော်တော်ဆိုင်ကယ်အရစ်ကျဝယ်ယူရာမှာနာမည်ခံပေးရာကနေ လိမ်လည်ခံခဲ့ရတယ်လို့ နစ်နာသူတွေဆီက သိရပါတယ်။

ရနောင်းရောက်မြန်မာတွေရဲ့အထောက်အထားနဲ့ မော်တော်ဆိုင်ကယ် အစီးရေနှစ်ထောင်လောက်ဝယ်ပြီး လိမ်လည်ခဲ့တာဖြစ်ပါတယ်။

ဒီလိမ်လည်မှုကို ဂိုဏ်းတစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့ပြီး ဆိုင်ကယ်တွေကိုတော့ ရနောင်းမြို့ကနေ ပါချန်မြစ်ကမ်းအထိ မောင်းသွားပြီး အဲဒီကနေတဆင့် နယ်စပ်လုံခြုံရေးအခြေအနေတွေကို စောင့်ကြည့်ပြီး မြန်မာနိုင်ငံထဲကို ခိုးသွင်းနေတာပါ။

ရနောင်းကနေ ပါချန်မြစ်အထိ ဆိုင်ကယ်မောင်းဖို့အတွက် လိမ်လည်နေတဲ့အဖွဲ့ဟာ မြန်မာနိုင်ငံသား တစ်ဦးကို ဘတ်တစ်ထောင်နဲ့ငှားရမ်းပြီး မောင်းခိုင်းတယ်လို့လည်း ရနောင်းရောက်မြန်မာအသိုင်းအဝိုင်းဆီကသိရပါတယ်။

မြန်မာနိုင်ငံထဲကို ဆိုင်ကယ်မှောင်ခိုသွင်းပြီးတဲ့အချိန် ဆိုင်ကယ်ပျောက်တယ်ဆိုပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းကို လိမ်လည်သူတွေက တိုင်ကြားပါတယ်။

အဲဒီလိုတိုင်ကြားခံရတဲ့ ရဲစခန်းကတဆင့် သက်ဆိုင်ရာ ဆိုင်ကယ်ကုမ္ပဏီဆီမှာ အာမခံငွေထုတ်ပေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရနောင်းရောက်မြန်မာတွေရဲ့အထောက်အထားနဲ့ အရစ်ကျဆိုင်ကယ်ဝယ်ထားတဲ့သူတွေဟာ ဆိုင်ကယ်ကုမ္ပဏီမှာ ဆိုင်ကယ်တန်းဖိုးငွေအပြည့်အဝမချေရသေးဘဲ ဆိုင်ကယ်မှောင်ခိုသွင်းရာကနေပိုက်ဆံရသလို၊ အာမခံငွေလည်းထပ်ရနေတာပါ။

အခုလ ၁၁ ရက်နေ့က မြန်မာနိုင်ငံထဲကို တရားမဝင်တင်ပို့မယ့် ဆိုင်ကယ် ၁၂ စီးနဲ့ မြန်မာနိုင်ငံသားလေးဦးကို ထိုင်းနိုင်ငံ၊ ကရဘူရိခရိုင်ထဲမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီကနေ ထပ်ဆင့်စုံစမ်းရာကနေ နောက်ကွယ်ကကြိုးကိုင်နေတဲ့ ထိုင်းနိုင်ငံသားလေးဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

အခုလ ၁၈ ရက်နေ့မှာတော့ ရနောင်းမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရနောင်းခရိုင်ရဲမှူး၊ ထိုင်း-မြန်မာနယ်ခြားကော်မတီက ကော်မတီဝင် ဦးထင်လင်းဆွေ၊ အကူအညီလိုအပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အစည်းအဝေးလုပ်ခဲ့ကြတယ်လို့ နစ်နာသူမြန်မာရွှေ့ပြောင်းလုပ်သား တွေဆီက သိရပါတယ်။

“ရဲတွေပါအသုံးချခံဖြစ်နေတယ်ဆိုတော့ ခရိုင်ရဲမှူးကတဆင့်ထိုင်းသတင်းထောက်တစ်ယောက်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်ပါတယ်။ အဲဒီသတင်းထောက်က ကျွန်တော့်ကိုလာတိုင်ပင်တယ်။ အဲဒီကနေ အစည်းအဝေးစလုပ်ဖြစ်တာပါ။” လို့ ထိုင်း-မြန်မာနယ်ခြားကော်မတီက ကော်မတီဝင် ဦးထင်လင်းဆွေက ပြောပါတယ်။

အသုံးချခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ရနောင်းခရိုင်အတွင်း နယ်မြေ ၁၃ ခုက လုပ်ငန်းခွင်အသီးသီးမှာလုပ်ကိုင်နေကြသူတွေဖြစ်ပြီး လူဦးရေနှစ်ထောင်ခန့်ရှိတယ်လို့လည်း ရနောင်းခရိုင်ရဲမှူးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ ရနောင်းခရိုင်ရဲမှူးအနေနဲ့ အရစ်ကျဆိုင်ကယ်ဝယ်ယူရာမှာ အသုံးချခံရတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေကို နစ်နာသူလို့သာရှုမြင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

နစ်နာသူမြန်မာတွေ နဲ့ ထိုင်းရဲတပ်ဖွဲ့တွေအကြားဆက်သွယ်နိုင်မယ့် ထိုင်းလူမှုကွန်ရက် တစ်ဖြစ်တဲ့ Lineကနေ သက်ဆိုင်ရာနမယ်မြေတွေအလိုက် Group Chat တစ်ခုစီလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီကနေတဆင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ သိလို တဲ့ အချက်အလက်တွေကို အင်တာနက်ကနေ တိုက်ရိုက်ဖြည့်စွက်နိုင်မယ့် google form ကိုလည်း Line group တွေကနေတဆင့် ချပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း အစည်းအဝေးကိုတက်ရောက်ခဲ့သူတွေနဲ့ ထိုင်း-မြန်မာနယ်ခြားကော်မတီက ကော်မတီဝင် ဦးထင်လင်းဆွေဆီက သိရပါတယ်။

“အဆုံးထိရပ်တည်ပေးသွားမယ်ဆိုပြီးပြောတယ်။ ထွက်လည်း ထွက်မပြေးပါနဲ့တဲ့ အဆုံးထိရပ်တည်ပေးမှာမို့ ရင်ဆိုင်ပါဆိုပြီး ရဲမှူးက ပြောသွားတယ်။” လို့ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

Google Form မှာ အချက်အလက်တွေဖြည့်ပြီးရင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေဆီ နစ်နာသူတွေရဲ့အချက်အလက်တိုက်ရိုက်ရောက်မှာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးတွေစတင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီကနေ့အထိ Google Form မကျလာသေးသလို လိမ်လည်တဲ့အဖွဲ့တွေဘက်ကလည်း နယ်မြေခံရဲတချို့ပေါင်းပြီး နစ်နာသူမြန်မာရွှေ့ပြောင်းလုပ်သားအိမ်တွေမှာ အိမ်တိုင်ရာရောက် ပိုက်ဆံလိုက်တောင်းနေတယ်လို့ လက်ရှိပိုက်ဆံတောင်းခံနေရတဲ့သူတွေဆီက သိရပါတယ်။

“ကျွန်တော်တို့မှာ ကလေးလေးယောက်နဲ့ တစ်နေရာရာထွက်ပြေးရမလား ဘယ်လို ဆက်လုပ်ရမလဲတောင်မသိတော့ဘူး။ ဒီစိတ်နဲ့ အလုပ်လည်းကောင်းကောင်းမလုပ်နိုင်ဘူး” လို့ မြန်မာနိုင်ငံသားအိမ်ထောင်ဦးစီးအမျိုးသားက ပြောပါတယ်။

အခုဖြစ်စဉ်တွေ နဲ့ ပတ်သက်ပြီး ဦးထင်လင်းဆွေက ထိုင်းအာဏာပိုင်တွေရဲ့လုပ်ငန်းစဉ်တွေကြောင့် ကြာနေတာလားမပြောတတ်ပေမယ့် အခြေအနေပေါ်ကြည့်ပြီး ပြန်လည်တုံ့ပြန်ပြောဆိုသွားမယ်လို့ ပြောပါတယ်။

အခုနှစ် မေလကလည်း မြန်မာဘက်ကို တရားမဝင်လမ်းကပို့ဖို့လုပ်နေတဲ့ ဆိုင်ကယ်အစီးရေ ၁၄စီးနဲ့ မြန်မာအမျိုးသားလေးဦးတို့ကို ကော့သောင်း-ရနောင်းနယ်စပ်မှာ ကရပူရိရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

The Tanintharyi Times