ရန်ကုန်-ထားဝယ်ကားလမ်းကို ညဘက် အသုံးမပြုကြဖို့ ရေဖြူပကဖအဖွဲ့တစ်ခုက အသိပေး ထုတ်ပြန်

ရန်ကုန်-ထားဝယ်ကားလမ်းကို ညဘက် အသုံးမပြုကြဖို့ ရေဖြူပကဖအဖွဲ့တစ်ခုက အသိပေး ထုတ်ပြန်

ပုံစာ - ရေဖြူမြို့နယ် ကားလမ်းမပေါ်မှာ စစ်ဆေးနေတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ။(ပုံဟောင်း) ဓာတ်ပုံ - TPLF

စစ်ကောင်စီတပ်တွေ အင်အားဖြည့်တာနဲ့ လက်နက်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် သွားလာလှုပ်ရှားနေတဲ့ ရန်ကုန်-ထားဝယ်ကားလမ်းကို ပြည်သူတွေအနေနဲ့ ညဘက်ခရီးမသွားကြဖို့ ရေဖြူမြို့နယ် ပကဖ အဖွဲ့တစ်ခုဖြစ်တဲ့ ဝေဟင်အဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။

ညနေ ၆ နာရီကနေ မနက် ၆ နာရီ အချိန်အတွင်းမသွားလာကြဖို့၊ နေ့ဘက်သွားလာတဲ့အခါမှာလည်း စစ်ကောင်စီတပ်ကားတွေရဲ့ အနီးအနားကနေမသွားလာကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစစ်ဆေးတာတွေကိုလည်း ကြည်ကြည်ဖြူဖြူလက်ခံပေးကြဖို့ အခုလ ၁၉ ရက်က ထုတ်ပြန်အသိပေးထားပါတယ်။

“အခုလို ထုတ်ပြန်တာကတော့ ပြည်သူတွေကို အသိရော သတိရော ပေးချင်လို့ပါ၊ စာမထုတ်ပြန်ဘဲ အလုပ်လုပ်လို့ ပြည်သူကားနဲ့ စကစကားမှားယွင်းပြီး အလုပ်လုပ်မိမှာ စိုးလို့ပါ၊ ထုတ်ပြန်စာအတိုင်း လိုက်နာပေးစေချင်ပါတယ်ဗျ။” လို့ ဝေဟင်အဖွဲ့ ပြန်ကြားရေး တာဝန်ခံက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ အိမ်စီးကား၊ ကုန်ကား၊ မြေတင်ကား စတဲ့ကားတွေကို အသုံးပြုပြီး ပြည်သူတွေကြားမှာ ရောနှောသွားလာနေတဲ့အတွက် ပြည်သူတွေဘေးအန္တရာယ်ကင်းရှင်းစေဖို့ ထုတ်ပြန်ချက်ကို လိုက်နာပေးစေလိုတယ်လို့ ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံပါတယ်။

စစ်ကောင်စီကားတွေနဲ့ မနီးမဝေးမှာ သွားလာနေကြတဲ့ ပြည်သူတွေရှိနေလို့ စီစဥ်ထားပြီးမှ ပြန်ဆုတ်လိုက်ရတဲ့ စစ်ရေးမစ်ရှင်တွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေကို အလျဥ်းသင့်သလိုတိုက်ခိုက်ဖို့အစီအစဥ်ရှိတဲ့အတွက် အခုလို ညဘက်ခရီးမသွားဖို့ထုတ်ပြန်ချက်ဟာအချိန်အကန့်အသတ်မရှိဘူးလို့ ဝေဟင်အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရေဖြူမြို့နယ်ထဲက ရန်ကုန်-ထားဝယ်ကားလမ်းမပေါ်မှာ မကြာခဏ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိပါတယ်။

အခုနှစ်ထဲမှာ ပြည်သူ့ ကာကွယ်ရေးတပ်တွေဘက်က အဲဒီကားလမ်းမကို နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားလာကြပြီး လမ်းမပေါ်မှာ ရှောင်တခင် စစ်ဆေးတာတွေ လည်းရှိလာပါတယ်။

The Tanintharyi Times