KNU မှာခိုလှုံဖို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကို စစ်တပ်ကလိုက်လံပစ်ခတ်သတ်ဖြတ်

KNU မှာခိုလှုံဖို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကို စစ်တပ်ကလိုက်လံပစ်ခတ်သတ်ဖြတ်

ပုံစာ - ဘက်ပြောင်းလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းတပ်သား‌တွေ။

နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာရှေ့တန်း စစ်မြေပြင်ကနေ KNU တပ်မဟာ ၄ ဆီမှာ ခိုလှုံဖို့ထွက်ပြေးလာ စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးဟာ စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်လို့ သေဆုံးသွားတယ်လို့ KNU ဘက်ကပြောပါတယ်။

၁၉ ရက်နေ့က စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးလာပေမဲ့ တစ်ဦးကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

“အစကနှစ်ယောက်ထွက်ပြေးလာတာ။ အဲဒီမှာ စကစစစ်သားတွေ လိုက်ဖမ်း၊ လိုက်ပစ်တော့ သူ့သူငယ်ချင်းကသေသွားတယ်။ သူပဲလွတ်လာတာ” လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။

စစ်ကောင်စီဟာ တပ်စခန်းနဲ့ စစ်ကြောင်းတွေကထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို ပြန်လည်ဖမ်းဆီးတာတွေအပြင် အသေပစ်ခတ်တာတွေကိုလည်း အရင်ကတည်းက လုပ်ဆောင်နေတာဖြစ်တယ်လို့ အလင်းဝင်လာတဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလ ၁၉ ရက်‌နေ့မှာ ခလရ ၁၀၃ တပ်ရင်းက တပ်သားတစ်ဦးနဲ့ မနေ့က ၂၀ ရက်နေ့မှာ ခလရ ၂၈၀၊ ခလရ ၂၆၇ တို့ ကတပ်သား နှစ်ဦးတို့ တပ်မဟာ ၄ တပ်ရင်း ၁၁ ဆီမှာဘက်ပြောင်းခိုလှုံလာတာပါ။

မနေ့က ၂၀ ရက်နေ့မှာ အလင်းဝင်လာသူနှစ်ဦးကတော့ သူတို့နဲ့အတူ MA-1 သေနတ်နှစ်လက်၊ ကျည်ဘောက် ၇ ခုနဲ့ ကျည်ဆံ ၂၁၀ တောင့်ကို ယူဆောင်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုနှစ်အတွင်း ဘက်ပြောင်းခိုလှုံလာသူအားလုံးနီးပါးဟာ မြို့ပေါ်တွေနဲ့ ထိုင်းနိုင်ငံကို တရားမဝင်လမ်းကနယ်စပ်ဖြတ်ကျော်မှုနဲ့ နယ်စပ်ကပြန်ပို့ခံရချိန် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရသူတွေ ဖြစ်တယ်လို့ ပဒိုအယ်နားက ဆိုပါတယ်။

သိန်ခွန်းရွာမှာရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကနေလည်း အခုနှစ်အတွင်း တပ်မဟာ ၄ ဆီကို ဘက်ပြောင်းခိုလှုံဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်အရေအတွက် ဆယ်ဦးကျော်အထိရှိပြီလို့လည်း KNU ဘက်ကပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်ဘက်ကို ဦးတည်ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စစ်ကြောင်းထိုးနေပေမဲ့ တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် လက်ရှိအချိန်ထိ သိန်ခွန်းရွာတစ်ဝိုက်ကနေ ရှေ့ဆက်တိုးလို့မရဘဲ ဖြစ်နေတာပါ။

The Tanintharyi Times