ထားဝယ်မြို့တော်ခန်းမနှင့် ဗထူးသင်္ကေတ ရှင်းတမ်း
ထားဝယ်မြို့တော်ခန်းမနှင့် ဗထူးသင်္ကေတ ရှင်းတမ်း
ထားဝယ်တွင် မြို့တော်ခန်းမ အသစ် တစ်ခုတည်ဆောက်နေသည်။
နေရာက ဗထူးပန်းခြံအတွင်း။
“ထားဝယ်သူရဲကောင်း ဗိုလ်မှူးကြီးဗထူး၏ သင်္ကေတ အဖျက်ခံရတော့မည်လော”
အဖြေက လက်ရှိတွင် စစ်ကောင်စီလက်ထဲ ကျရောက်နေသည်။
လက်ရှိ မြို့တော်ခန်းမမှာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ၂၀၄၃ ခုနှစ်ထိ အငှားချထားသည်။
ထိုအငှားစာချုပ်အရ လက်ရှိမြို့တော်ခန်းမကို ထိုကုမ္ပဏီက ဖျက်ပစ်နိုင်ခွင့်ရှိနေသည်။
ထိုကြောင့်
ထားဝယ်မြို့တော်ခန်းမ အဖျက်ခံရတော့မလား။
သို့မဟုတ် ဇိမ်ခံဟိုတယ် ဖြစ်လာမလား။
အဖြေက လက်ရှိတွင် ဟိုတယ်ပိုင်ရှင်တို့ လက်ထဲ ကျရောက်နေသည်။
“မြို့ဂုဏ်ဆောင်နေရာကို ဖျက်ပစ်ကြတော့မည်လော”
တနင်္သာရီတိုင်းမြို့တော် ထားဝယ်၏ သင်္ကေတနေရာ၊ စိတ်ချမ်းမြေ့ဖွယ်နေရ၊ ကျက်သရေအရှိဆုံးနေရာကို ပြပါဆိုလျှင် မြို့ခံတို့က ထားဝယ်မြို့တော်ခန်းမဝန်းကျင်နေရာကို ပြကြသည်။
မြို့တော်ခန်းမတည်နေရာသည် ဆိတ်ငြိမ်သည်။
မြို့တော်ခန်းမ မျက်နှာချင်းဆိုင်တွင် ထားဝယ်သူရဲကောင်း ဗိုလ်မှူးကြီးဗထူးအတွက် ဂုဏ်ပြုတည်ဆောက်ထားသော ဗထူးပန်းခြံရှိသည်။
လမ်းဆုံတွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးရှိသည်။
မြို့တော်ခန်းမ၊ ဗိုလ်ချုပ်ကြေးရုပ်၊ ဗထူးပန်းခြံ..၊ ပနံရတင့်တယ်နေသည့် မြို့ဂုဏ်ဆောင်နေရာတစ်ခု ဖြစ်သည်။
ထိုနေရာကို လူတစ်စုက ပုံဖျက်ပစ်ရန် ကြိုးစားလာနေသည်။
“ဗထူးသင်္ကေတများ အဖျက်ခံနေရပြီလား”
ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က “ထားဝယ်မြို့တော်ခန်းမအသစ်” ဆောက်ရန်ဆိုကာ ပန္နက်တင်ပွဲတစ်ခု လုပ်ကြသည်။
နေရာက ဗထူးပန်းခြံဝင်း။
၂ နှစ်အတွင်း အပြီးဆောက်မည်ဟု ဆိုသည်။
ဗထူးပန်းခြံဝင်းသည် ၂ ဧက ခန့်သာ ကျယ်သည်။
အကယ်၍ မြို့တော်ခန်းမ အဆောက်အအုံအပြင် ကားပါကင်နေရာ၊ အများသုံးအိမ်သာနေရာ စသော မရှိမဖြစ်နေရာများအတွက် မြေနေရာရှင်းလင်းပြုပြင်ခြင်း၊ တည်ဆောက်ခြင်းတို့ လုပ်ဆောင်ပါက ပန်းခြံ ပျောက်မည်ဖြစ်သည်။
ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင် ထားဝယ်သူရဲကောင်း ဗိုလ်မှူးကြီးဗထူး၏ အမှတ်သင်္ကေတတစ်ခု ဖျက်သိမ်းခံရခြင်းဖြစ်သည်။
ဆက်လက်တည်မြဲရန် ရှေ့ရေးမသေချာသည့် ဗိုလ်မှူးကြီး ဗထူး၏ အမှတ်သင်္ကေတ နောက်တစ်ခု ရှိသေးသည်။
“ဗထူးကြေးရုပ်”
ထားဝယ်မှ လောင်းလုံးဘက်၊ မောင်းမကန် ကမ်းခြေဘက်အဆင်း၊ ထားဝယ်မြို့အထွက် ကမြောကင်းတံတားထိပ်ရှိ ဗထူးကြေးရုပ်၏ ရှေ့ရေးသည်လည်း မသေချာလှပေ။
ထိုကြေးရုပ်က မြို့ခံလူထုအချို့ ကန့်ကွက်မှုကြားက အတည်ပြုဆောက်လုပ်ခဲ့သော ကမြောကင်းတံတားသစ်ကြီး၏ ထိပ်တည့်တည့်သို့ ကျရောက်နေသည်။ လမ်းနှင့်မလွတ်ဟုဆိုသည့်အကြောင်းပြချက်ဖြင့် အချိန်မရွေးအဖျက်ခံရနိုင်သည့်အနေအထားတွင်ရှိနေသည်။
ထိုသင်္ကေတတို့ ဖယ်ပစ်ခံရပါက ဗထူးသင်္ကေတတို့ ထားဝယ်တွင် ရှိတော့မည်မဟုတ်ပါ။
နောင်မျိုးဆက်တို့ကို သူရဲကောင်းဗထူးသင်္ကေတတို့ ပြစရာမရှိတော့မည်ကို စိုးရိမ်နေကြသည့်ဒေသခံတချို့ရှိနေသည်။
၅ နှစ်သား ကလေးငယ်၏ မိခင် ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦးကမူ လုပ်သူတို့သည် သမိုင်းတရာခံတို့ ဖြစ်သွားမည်ဆိုသည်ကို မမေ့စေလိုကြောင်း ပြောသည်။
“ဖယ်ပစ်ကြပါစေ ၊ နောင်ကြီးလာမယ့် ကလေးတွေကို သူတို့တွေ ဘာလုပ်ခဲ့တယ်၊ ဘယ်နေရာမှာ ဘာရှိခဲ့တယ်ဆိုတာ လက်ဆွဲပြီး လိုက်ပြမယ်”
သူမအသံက မာထန်နေသည်။
“ဇိမ်ခံဟိုတယ် ဖြစ်လာမည့် မြို့တော်ခန်းမ”
ထားဝယ်မြို့တော်ခန်းဝင်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား ငှားရမ်းထားသည်က ယခုမှ မဟုတ်ပါ။
လွန်ခဲ့သည် ဆယ်နှစ် ၂၀၁၃ ခုနှစ်ကတည်းက အငှားချထားခြင်း ဖြစ်သည်။
စစ်ဘက် အဝတ်လဲ ဦးသိန်းစိန်အစိုးရလက်ထက်၊
စစ်ဘက် အဝတ်လဲ ဦးခင်ဇော် တနင်္သာရီတိုင်းအစိုးရလက်ထက်က ဖြစ်သည်။
ဟိုတယ်လုပ်ငန်းလုပ်ဆောင်ရန်အတွက် ဟိုတယ်ထားဝယ်အား ငှားခဲ့ခြင်း ဖြစ်သည်။
ငှားခဲ့သည်က မြို့တော်ခန်းမနေရာတစ်ခုတည်း မဟုတ်ပါ။
မြို့တော်ခန်းမဝင်းအပါအဝင် အစိုးရဧည့်ရိပ်သာအဆောက်အအုံ မြေဧရိယာ လေးဧကနီးပါး(၃ ဒသမ ၈၉ ဧက)ကို ဟိုတယ်ထားဝယ်အား ၂၀၁၃ ခုနှစ်မှ ၂၀၄၃ ခုနှစ်အထိ ငှားရမ်းထားခြင်းဖြစ်သည်။
ယင်းသို့ အစိုးရမှ ကြယ်နီလာကုမ္ပဏီအား ငှားခဲ့ကြောင်းကို တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ထွေ/အုပ်) ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ၂၀၁၇ ခုနှစ် အောက်တိုဘာလက ဆောင်းပါးရှင်အား ဖြေဆိုခဲ့သည်။ (ဦးထွန်းထွန်းဝင်းသည် လက်ရှိတွင် မည်သည့်အခြေအနေရှိကြောင်း( CDM ဝင်မဝင်၊ မည်သည့်ရာထူးရှိနေ စသည်)ကို ဆောင်းပါးရှင် မသိပါ)
နေရာက ထားဝယ်ကျက်သရေဆောင်။
မြေအကျယ်က ၄ ဧက နီးပါး။
အချိန်က နှစ် ၃၀။
ငှားခက တစ်လ ကျပ် တစ်သိန်းနှုန်း။
ဟိုတယ်ထားဝယ် ပိုင်ရှင်သည် စစ်ကောင်စီ၏ လက်နက်အဝယ်တော် စီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ဆိုသူ ဖြစ်သည်။
စာချုပ်က ၂၀၁၃ ခုနှစ်မှ စအသက်ဝင်မည်ဖြစ်သော်လည်း ဟိုတယ်လုပ်ငန်းကို ၂၀၁၂ ခုနှစ်ကတည်းက စခဲ့သည်။
အစိုးရ ဧည့်ရိပ်သာကို မွန်းမံပြင်ဆင်သည်။ အဆင့်မြင့်အဆောက်အအုံများ ဆောက်လုပ်သည်။ ခြံစည်းရိုးကို ပြင်သည်။
၂၀၁၅ ခုနှစ်ခန့်ဆိုလျှင် ကောင်းစွာလည်ပတ်နေပြီဖြစ်သည်။
ယင်းအချိန်က မြို့တော်ခန်းမကိုမူ မတို့မထိသေး။
ကြားကာလတွင် ဟိုတယ်ထားဝယ်နှင့် မြို့တော်ခန်းမ ဇာတ်လမ်းကို မြို့ခံတို့ မေ့မေ့ပျောက်ပျောက်။
မြို့တော်ခန်းမသည်လည်း အစိုးရအရာရှိကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ(ကော်လံကတုံးများနှင့် ဘောင်းဘီဝတ်များ)၊ အထက်တန်းလွှာလုပ်ငန်းရှင်ကြီးများနှင့်သာ သက်ဆိုင်သည့်နေရာတစ်ခုအဖြစ် မြို့ခံတို့က အရောတဝင်၊ အရေးတယူ မရှိခဲ့။
အရပ်သားအစိုးရတက်လာသောအခါ ထားဝယ်မြို့တော်ခန်းမက လူထုနှင့် နီးလာခဲ့သည်။
မြို့တော်ခန်းမကို အစိုးရမဟုတ်သော အဖွဲ့အစည်းများပါ ငှားရမ်းသုံးစွဲခွင့် ရလာသည်။
အစိုးရအဆက်ဆက် ကျင်းပရန် ခက်ခဲသည့် ဆဲဗင်းဂျူလိုင် ကဲ့သို့သော နိုင်ငံရေးဆက်နွှယ်အခမ်းအနားမျိုးမှအစ အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများက လုပ်ဆောင်သည့် အထိမ်းအမှတ်အခမ်းအနားများ၊ ဆွေးနွေးပွဲများအလယ်၊ ပန်းချီ၊ ဓာတ်ပုံပြပွဲ၊ ကုန်စည်ပြပွဲများအဆုံး မြို့တော်ခန်းမတွင် ကျင်းပခွင့် ရလာသည်။
သို့ကြောင့် မြို့ခံလူထုက မြို့တော်ခန်းမအရေး ကိုယ့်အရေး ဖြစ်လာသည်။
၂၀၁၇ ခုနှစ်တွင် ထားဝယ်ဟိုတယ်ဘက်မှ ဇာတ်လမ်း စလာသည်။
မြို့တော်ခန်းမ၊ အစိုးရဧည့်ရိပ်သာ(ဟိုတယ်)ဝင်းတစ်ခုလုံး၏ အုတ်တံတိုင်းကို ထားဝယ်ဟိုတယ်က ပြင်ဆင်လိုက်သည်။
မြို့တော်ခန်းမရှေ့က ကားပါကင်ကိုပါ ပြင်ဆင်ကာ ဟိုတယ်လာသည့်ကားများ ထားလာသည်။
ဟိုတယ်မီးစက်ကြီးကို မြို့တော်ခန်းမနဘေးကပ်၍လာထားသည်။
မြို့ခံလူထုတို့ အသံထွက်လာလာသည်။
“မြို့တော်ခန်းမ ဘယ်သူ့အပိုင်လဲ”
မြို့တော်ခန်းမကို ထားဝယ်စည်ပင်သာယာရေးအဖွဲ့က ပိုင်သည်။
ထားဝယ်စည်ပင်သာယာရေးအဖွဲ့က မြို့တော်ခန်းမကို ၁၉၉၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
မြေကိုမူ ထွေ/အုပ်(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)က ပိုင်သည်။
ထွေအုပ်ပိုင်မြေတွင် စည်/ပင်က ဆောက်ထားခြင်း ဖြစ်သည်။
လက်ရှိတွင် မြေကို ထွေအုပ်က ဟိုတယ်ထားဝယ်သို့ ငှားထားသည်။
သို့ကြောင့် မြေကို ဟိုတယ်ဘက်က နောက်ထပ် နှစ် ၂၀ ပိုင်နေသည်။
စာချုပ်ပါအချက်အရ ဟိုတယ်ဘက်မှ မြို့တော်ခန်းမမြေနေရာကို အသုံးပြုမည်ဆိုပါက အခြားနေရာတစ်ခုတွင် မြို့တော်ခန်းမအသစ်တစ်ခုကို ဟိုတယ်ဘက်မှ အစားထိုးဆောက်လုပ်ပေးရမည်။
ယင်းကြောင့် ထားဝယ်ဟိုတယ်ဘက်က မြို့တော်ခန်းမကို ဖျက်မည်/ပြန်ဆောက်ပေးနိုင်သည်ဆိုက အချိန်မရွေး ဖျက်ခွင့်ရှိနေသည်။
ခုတော့ ဟိုတယ်ဘက်က ပြန်ဆောက်ပေးစရာမလိုဘဲ ထားဝယ်မြို့တော်ခန်းမအသစ်တစ်ခု စစ်ကောင်စီဘက်က ဆောက်ပေးရန်ပြင်နေသည်။
အစိုးရဘတ်ဂျက်ဖြင့် ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင်တန် မြို့တော်ခန်းမကို ဆောက်မည်ဟု စစ်ကောင်စီ၏ တာဝန်ရှိသူတစ်ဦးက မီဒီယာတစ်ခုသို့ ဖြေထားသည်။
အကြောင်းပြချက်က လက်ရှိမြို့တော်ခန်းမက ကျဉ်းသည်၊ ဟောင်းနေပြီဟူ၏။
မြို့တော်ခန်းမသက်တမ်းသည် ၃၃ နှစ်သာရှိသေးပြီး လူ တစ်ရာခန့် ဆန့်သည်။
ထိုမြို့တော်ခန်းမကို တို့ထိရန် အစီအစဉ် မရှိသေးဟု ဟိုတယ်ထားဝယ်၏ ဒါရိုက်တာက ၂၀၁၇ ခုနှစ်အောက်တိုဘာလတွင် ဆောင်းပါးရှင်အား ဖြေဖူးသည်။
၂၀၁၇ ခုနှစ်တွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေသည့် ဒေါက်တာလဲ့လဲ့မော်ကလည်း စာချုပ်ကို မဖျက်သိမ်းနိုင်သည့်တိုင် မြို့တော်ခန်းမကိုတော့ ကာကွယ်မည်ဟု ဆိုခဲ့သည်။
သူတို့ ပြောခဲ့ပြီး ၆ နှစ်အကြာ ယခုအချိန်တွင် မြို့တော်ခန်းမကို မည်သူ ကာကွယ်မည်နည်း။
“ဘာဝင်ပြောလို့ ရမှာလဲ..၊ သူတို့(စစ်ကောင်စီ)က လုပ်ချင်သလို လုပ်နေတာ၊ ခုချိန်မှာ လူတောင် သတ်နေကြတာလေ” ဟု ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။
ထားဝယ်တွင် မြို့တော်ခန်းမ အသစ် တစ်ခု တည်ဆောက်နေသည်။
နေရာက ဗထူးပန်းခြံထဲ။
လက်ရှိမြို့တော်ခန်းမနှင့် ဗထူးပန်းခြံသည် အကာအကွယ် မဲ့နေဆဲ။
မင်းခန့်
The Tanintharyi Times
